08/26/2026
ကျွန်ုပ်ကို ပညာနဲ့ပတ်သက်ပြီး အတွေးအမြင်တချို့ကို ဝေမျှပေးပါဆိုပြီး လာပြောကြလို့ ပညာနဲ့ပတ်သက်ပြီး ကျွန်ုပ်ရဲ့ အတွေးအမြင်တချို့ကို ပြောပြရရင်:
"ပညာရေးဟာ လောကမှာ အစွမ်းတကာ့အစွမ်းထက်ဆုံးသောလက်နက်" ဖြစ်သလို ဘဝရပ်တည်ရေးအတွက် အရမ်းအရေးကြီးပါတယ်။
အထက်တန်းအောင်၊ ဘွဲ့ရပေမယ့်အတွေ့အကြုံမရှိသေးလို့ အလုပ်ရှာရ မလွယ်၊ အလုပ်ဝင်ခါစ လခနည်းလို့ စိတ်မပျက်ကြနဲ့။ အထက်တန်းအောင်လတ်မှတ်တို့ ဘွဲ့တို့ဆိုတာ ပညာအရည်အချင်း၊ အသိပညာဖြစ်တယ်။
ဘာဘွဲ့ပဲရရ ကိုယ့်ဘွဲ့တစ်ခုတည်းကိုပဲကြည့်ပြီးတော့ အလုပ်ခန့်မှာမဟုတ်ဘူး။ အသိပညာကော အတတ်ပညာကောကြည့်မှာ။ အတတ်ပညာဆိုတာ လုပ်ငန်းအတွေ့အကြုံနဲ့ ကျွမ်းကျင်မှုဖြစ်တယ်။ ကျွမ်းကျင်မှုဆိုတာက ဥပမာ အင်္ဂလိပ်ကို ဘယ်လောက်အထိ ကျွမ်းကျင်သလဲ? ကွန်ပျူတာကို ဘယ်လောက်အထိကျွမ်းကျင်သလဲ? စာရင်းကိုင်ပညာကို ဘယ်လောက်အဆင့်အထိကျွမ်းကျင်သလဲ? စသည်ဖြင့်...။ အဲသည်တော့ လုပ်ငန်းအတွေ့အကြုံ၊ ကျွမ်းကျင်မှုတွေတိုးပြီး ပညာအရည်အချင်းနဲ့ပေါင်းရင် တစ်နေ့နေ့မှာ လခတိုးမှာပါ။ ယခုအလုပ်မဟုတ်တောင် တခြားအလုပ်မှာ တိုးမှာပါ။
ဒါ့ကြောင့်မို့ ဆယ်တန်းအောင်၊ ဘွဲ့ရရုံနဲ့ ပညာတတ်မဖြစ်သေးဘူးဆိုတာ သဘောပေါက်ကြမှာပါ။
အသိပညာကော အတတ်ပညာကောပြည်စုံမှ စဉ်ဆက်မပြတ်လေ့လာနေမှပညာတတ်လို့ ခေါ်ထိုက်ပါတယ်။ တချို့ ဘွဲ့သာရတာ အသုံးများသလို ခေတ်မှီ၊ ကျယ်ပြန့်တဲ့ ဘာပညာနဲ့ဆက်စပ်တဲ့ ဘာအလုပ်မှ မလုပ်ဖူးသလို ဘာလုပ်ငန်အတွေ့အကြုံမှလည်း မရှိ၊ ဘာကျွမ်းကျင်မှုမှလည်းမရှိဘူး၊ စဉ်ဆက်မပြတ်လည်း မလေ့လာဘူး။ အဲလိုလူတွေဟာ အသိပညာသာရှိပြီး အတတ်ပညာမရှိသေးတဲ့အတွက် ပညာတတ် မဖြစ်သေးဘူးလို့ ပြောရမယ်။
အဲလိုလူတွေဟာ ဘွဲ့ရပြီး လုပ်ငန်းအတွေ့အကြုံရှိသလို ကျွမ်းကျင်မှုလည်းရှိတယ် စဉ်ဆက်မပြတ်လည်းလေ့လာနေတဲ့ ခေတ်ပညာတတ်တွေနဲ့ မိမိကိုယ်ကိုယ် နှိုင်းရန်မသင့်ပါဘူး။ ဘာလို့လည်းဆိုတော့ အသိပညာကော အတတ်ပညာကော ပြည့်ဝထားတဲ့သူက သူ့အလုပ်နယ်ပယ်နဲ့ သူ သွားနေပြီးသား၊ အသက်ကြီးသွားလည်း လုပ်ငန်းအတွေ့အကြုံ၊ ကျွမ်းကျင်မှု၊ ပညာအရည်အချင်းအစုံရှိပြီးသားမို့ အလုပ်မရမှာ မပူရဘူး။ တစ်နေရာရာမှာတော့ သူ့ပညာနဲ့ သင့်တော်တဲ့ အလုပ်ရှိမှာပဲ။ ဥပမာ: အဖွဲ့အစည်းတစ်ခုခုမှာ အချိန်ကာလတစ်ခုအထိ အလုပ်လုပ်ဖူးတဲ့သူက မအပ်လပ်တာကြောင့် အလုပ်ထွက်ပြီး နောက်မှာ တခြားအလုပ်တွေလျှောက်မယ်ဆိုလည်း အတွေ့အကြုံရှိပြီးသားမို့ အလုပ်ရဖို့က အရမ်းကြီး မခက်ခဲနိုင်ပါဘူး။ သိထားရသလောက်တော့ တော်တော်များများသော အလုပ်တွေရဲ့အသက်ကန့်သတ်ချက်ဆိုတာတွေက အလုပ်အတွေ့အကြုံမရှိတဲ့သူတွေအတွက်က ပိုများတာမို့ ပိုပူရမှာက အသိပညာသာရှိပြီး ဘာလုပ်ငန်းအတွေ့အကြုံ၊ ဘာကျွမ်းကျင်မှုမှ မယ်မယ်ရရ မရှိတဲ့သူတွေပဲ။ အသက်အရွယ်ကန့်သတ်ရင်လည်း မြန်မာအစိုးရအလုပ်တွေပဲ ကန့်သတ်မှာပါ။ အဲဒါကြောင့်မို့ အထက်တန်းအောင်ပြီး၊ ဘွဲ့ရပြီး ဘာလုပ်လို့ရလဲ? ဆိုပြီး မေးခွန်းတွေ မမေးကြရအောင်၊အများတွေ အမြင်မမှားစေအောင် အနည်းဆုံး မယ်မယ်ရရလုပ်စားလို့ရမယ့် လုပ်ငန်းအတွေ့အကြုံတွေ ကျွမ်းကျင်မှုတွေ ထပ်ယူသင့်ပါတယ်။ အသိပညာရဖို့ ၁၀ နှစ်ကျော်ကျော်ကြာအောင် အချိန်တွေအများကြီး ရင်းနှီးလာပြီးမှ အသိပညာရလာပြီးမှ အလုပ်အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုဆိုင်ရာမှာ ဝမ်းစာဖြည့်တာက အရမ်းကြီးခဲယဉ်းမနေတော့။ သေချာလုပ်ရင် ၄ နှစ် ၅ နှစ်ပေါ့။ ဒါတွေက ငယ်တုန်းမှာ ယူနိုင်မှ တော်ကာကျမှာဖြစ်ပြီး အသက်ကြီးသွားရင်တော့ မလွယ်လောက်တော့ဘူး။
ဘဝမှာ အသိပညာကော အတတ်ပညာကော နှစ်ခုစလုံးရှိထားဖို့ လိုအပ်သလို စဉ်ဆက်မပြတ်လေ့လာဖို့ အရမ်းအရေးကြီးပါတယ်။ သည်နှစ်ခုစလုံးပြည့်ဝမှသာလျှင် ပညာတတ်လို့ခေါ်ထိုက်ပါတယ်။
ပညာအရည်အချင်းဘယ်လောက်ရှိမှ အသိပညာအနေအထားတစ်ခုအထိရှိတယ်လို့ ပြောရမလဲဆိုရင် မြန်မာပြည်ရဲ့အနေအထားနဲ့ပြောရမယ်ဆိုရင် အနည်းဆုံး အခြေခံပညာအဆင့်ကို ပြီးမြောက်၊ အောင်မြင်ထားဖို့ လိုအပ်ပါတယ်။ အတတ်ပညာလည်း ပြည့်ဝမယ် စဉ်ဆက်မပြတ်လည်းလေ့လာနေမယ်ဆိုရင် ဒါဟာ ခေတ်ပညာတတ်လို့ သတ်မှတ်နိုင်ပါတယ်။
မှတ်ချက်: ကူးယူဖော်ပြခြင်းမပြု။ မူရင်း post မှ လွတ်လပ်စွာ share နိုင်ပါသည်။
#ပညာရေး