Myanmar Gazette

Myanmar Gazette The Myanmar Gazette (Burmese: မြန်မာ့ဂဇက်) is a Los Angeles based Burman Newspaper.

10/01/2026
English for Success (9) အောင်မြင်လိုသူများအတွက် အင်္ဂလိပ်စာ (၉)အင်္ဂလိပ်စကားကို အသုံးပြု၍ အောင်မြင်တိုးတက်လိုသူ တယောက်သည...
09/30/2026

English for Success (9) အောင်မြင်လိုသူများအတွက် အင်္ဂလိပ်စာ (၉)

အင်္ဂလိပ်စကားကို အသုံးပြု၍ အောင်မြင်တိုးတက်လိုသူ တယောက်သည် Idiom လေးများကို ပီပီပြင်ပြင် သုံးတတ်ရန် လိုအပ်ပါသည်။ Idiom လေးများကို အင်္ဂလိပ်လို ကျွမ်းကျင်သူများသာ မှန်မှန်ကန်ကန် လှပစွာ သုံးတတ်ပါသည်။ ထို့ကြောင့် Idiom လေးများကို သူ့နေရာနှင့်သူ အဆင်ပြေအောင် သုံးတတ်သူများကို အများစုက လေးစားကြပါသည်။ အထင်လည်း ကြီးကြပါသည်။ ထို့ကြောင့် အောင်မြင်မှုရဖို့ နီးစပ်နေပါပြီ။

မြန်မာစကားတတ်သူ လူမျိုးခြား တယောက်လိုပေါ့။ ရိုးရိုး "ကျနော် မြန်မာစကား ကောင်းကောင်းပြောတတ်ပါတယ်" ဆိုသူနှင့် "ထမင်းစား ရေသောက်လောက်တော့ ပြောတတ်ပါတယ်" ဆိုသူချင်း မတူကြပါ။ ထမင်းစားရေသောက်ဆိုတဲ့ Idiom သုံးလိုက်သူကို စာရေးသူတို့ မြန်မာလူမျိုးတွေက ပိုအထင်ကြီးကြမှာပါ။ ဒီတော့ ဒီလအတွက် အောင်မြင်မှုကို ပေးနိုင်မယ့် Idiom လေးများကို ဖော်ပြပေးလိုပါတယ်။

ဦးစွာပထမ In the zone ဆိုတဲ့ Idiom လေးကို လေ့လာကြရအောင်။ In the zone ကို အင်္ဂလိပ်လိုတော့ a state of complete focus and optimal performance ဟု အဓိပ္ပာယ် ဖော်ပြထားပါတယ်။ ဒီ Idiom လေးကို သုံးစွဲပုံလေး လေ့လာကြပါစို့။

The poet - Phyo Thet - was in a zone. Every word he used was simply perfect.

မြန်မာလိုတော့ ဒီကဗျာဆရာဟာ အရမ်းကို တွေးလို့၊ ရေးလို့ ကောင်းနေတဲ့ အနေအထားမှာ ရောက်ရှိနေတယ်။ ရေးလိုက်သမျှ ထိမိပြီး စကားလုံးတိုင်းဟာ လှပပြီး အပြစ်အနာအဆာ ကင်းနေတယ်ပေါ့။

ဒီ in the zone ဆိုတဲ့ Idiom လေးကို အားကစားကိစ္စများ၌လည်း သုံး၍ ရပါသည်။ ဥပမာ -

Thor was in a zone at the game yesterday. No one could stop him. He scored five goals by himself.

မြန်မာလိုတော့ သော်လေးဟာ မနေ့က ဘောလုံးပွဲမှာ တကယ့်ကို အာရုံစူးစိုက်ပြီး သူ့ရဲ့ အရည်အသွေးကို ဖော်ထုတ်ကစားနိုင်ခဲ့တယ်။ သူတို့တဖက်အသင်းက ဘယ်လိုမှ မတားနိုင်ဘူး။ တယောက်တည်းနဲ့ ငါးဂိုးတိတိ သွင်းနိုင်ခဲ့တယ်ပေါ့။

နောက်ထပ် ဖော်ပြလိုတဲ့ Idiom လေးကတော့ In a league of his or her own ဖြစ်ပါတယ်။ ဒီ Idiom လေးကို Better than anyone else at doing something လို့ အဓိပ္ပာယ် ဖော်ပြထားပါတယ်။ မြန်မာလိုတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ လေသံနဲ့ ပြောရရင် ကိစ္စတခုခုကို ဆောင်ရွက်တဲ့နေရာမှာ တခြားလူတွေထက် "ကိုးဆယ်ဆ" သာလွန်နေတယ်ပေါ့။ သုံးစွဲပုံလေးကတော့ ရှင်းပါတယ်။

"မင်း ဒီကလေးမလေးကို ဘာကြောင့် ဒါလောက်တောင် သဘောကျနေလဲ" လို့ မေးလိုက်ရင် ... She is in a league of her own in terms of beauty and kindness. "သူမနဲ့ နှိုင်းယှဉ်စရာလူ မရှိပါ။ သူမလောက် လှပတဲ့၊ သဘောကောင်းတဲ့ မိန်းကလေး မရှိပါ" လို့ အဓိပ္ပာယ် ရပါတယ်။ နောက်ထပ် ဥပမာလေး တခု ပြရရင်တော့ -

Zaiya is in a league of her own at soccer just as Thurin is in a league of his own in Taekwondo.

"ဇေယျာကို ဘောလုံးမှာ ယှဉ်နိုင်မယ့်သူ မရှိဘူး။ သူရိန်ကို တိုက်ကွမ်ဒိုမှာ ယှဉ်နိုင်သူ မရှိဘူး။ သူတို့ဟာ သူ့နေရာနဲ့သူ အရမ်းကို တော်ကြတယ်" ပေါ့နော်။

နောက်ထပ် ဖော်ပြလိုတဲ့ Idiom လေးကတော့ head and shoulders above others ဖြစ်ပါတယ်။ ဒီ Idiom လေးကို ယခုလို အဓိပ္ပာယ် ဖော်ပြထားပါတယ်။ "to be better or superior to others" မြန်မာလိုတော့ တခြားလူတွေထက် အများကြီး တော်တယ်၊ ခေါင်းတလုံးသာတယ်ပေါ့နော်။ အဓိကအားဖြင့် ကျောင်းတို့၊ လုပ်ငန်းဆောင်တာတို့၌ အသုံးများပါသည်။ ဥပမာ -

Waiyan Soe and Tihan Kyaw are head and shoulders above the other kids in their school. Their parents should be proud of them.

မြန်မာလိုတော့ ဝေယံစိုးတို့ သီဟန်ကျော်တို့ဟာ ပညာရေးမှာ တခြားကလေးတွေထက် အများကြီး သာနေပါတယ်။ မိဘတွေ ဂုဏ်ယူစရာ ကောင်းပါတယ်ပေါ့။ အရပ်ရှည်လို့ ခေါင်းတလုံးသာနေတာ မဟုတ်ဘူးနော်။ ထူးချွန်လို့ ဒီလို သာနေတယ်လို့ ထင်ရတာပါ။

အကယ်၍ မိမိရဲ့ အလုပ်မှာ အထက်လူကြီးက ...

I must say you are head and shoulders above the other employees. I must congratulate you.

လို့ ချီးကျူးခဲ့ရင် -

I appreciate your kind words. However, I also remember you telling me once that actions speak louder than words.

လို့ Idiom လေးသုံးပြီး တုံ့ပြန်လိုက်ပါ။ ဖော်ပြပါ Idiom လေးရဲ့ အဓိပ္ပာယ်ကတော့ ရှင်းပါတယ်။ အပိုတွေ ပြောနေမယ့်အစား လက်တွေ့ တခုခု လုပ်ပေးပါလား၊ ရာထူးတိုးပေးပါလား၊ လခ တိုးပေးပါလားလို့ ဗွင်းဗွင်းကြီး ဒဲ့ဒိုးကြီး မပြောဘဲ Tactfully ပြောလိုက်ခြင်းပါ။

ဒီနေရာမှာ tactful ဆိုတဲ့ အင်္ဂလိပ်စကားလုံးလေးကို အထူးသတိပြုမိပါစေ။ အောင်မြင်လိုသူ တယောက်သည် စကားပြောသည့်အခါ tactfully ပြောတတ်ရန် လိုပါသည်။ မြန်မာလိုတော့ ပညာပါပါ၊ လှပတဲ့ စကားလုံးလေးတွေကို အသုံးပြုပြီး၊ အထူးသဖြင့် သင့်လျော်သော Idiom လေးတွေကို အသုံးပြုပြီး မိမိလိုချင်သည့်ကိစ္စ၊ သိလိုသည့်ကိစ္စကို ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ တောင်းခြင်း၊ မေးခြင်းကို ဆိုလိုပါသည်။ အင်္ဂလိပ်စကားကို ဒီလို tactfully သုံးတတ်ရင် အောင်မြင်ဖို့ 90% နှုန်း သေချာနေပါပြီ။

ဒီတော့ စာဖတ်သူအားလုံး အရေးကြုံလာတဲ့အခါ in one's hour of need ဆိုတဲ့ အခက်အခဲနှင့် ကြုံရသည့်အချိန်မျိုး၌ မိမိရဲ့ အရည်အချင်းတွေကို ဖော်ထုတ်သုံးစွဲနိုင်ပြီး အလွယ်တကူ ဖြေရှင်းနိုင်ကြပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်ပါမည်။

"သမ္မတ ထရမ့်နှင့် ထိပ်သီး နည်းပညာခေါင်းဆောင်များ တွေ့ဆုံပွဲ - AI အမည်သစ် ပြောင်းလဲခြင်း၊ စားပွဲဝိုင်း အခင်းအကျင်းနှင့် က...
09/30/2026

"သမ္မတ ထရမ့်နှင့် ထိပ်သီး နည်းပညာခေါင်းဆောင်များ တွေ့ဆုံပွဲ - AI အမည်သစ် ပြောင်းလဲခြင်း၊ စားပွဲဝိုင်း အခင်းအကျင်းနှင့် ကိုယ်တိုင်ထိန်းကျောင်းရေး သဘောတူညီချက်"

အမေရိကား (US) သမ္မတ ဒေါ်နယ်ထရမ့်သည် နည်းပညာကုမ္ပဏီကြီးများမှ အမှုဆောင်အရာရှိချုပ် (CEO) များနှင့် အင်္ဂါနေ့ (စက်တင်ဘာ ၂၉ ရက်) က အိမ်ဖြူတော် အရှေ့ဘက်ခန်းမ၌ နေ့လယ်စာစားပွဲ ပြုလုပ်ကာ နတ်ဥာဏ်(AI) ကဏ္ဍဆိုင်ရာ မူဝါဒများကို ဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲမှ အဓိက ထင်ရှားသည့် အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်သည် -

AI အမည်အား "စူပါအင်တယ်လီဂျင့်" (Super Intelligence - SI) ဟု တရားဝင် အမည်ပြောင်းလဲခြင်း - အစိုးရ မှတ်တမ်းများတွင် AI အစား "စူပါအင်တယ်လီဂျင့်" (SI) ဟု ပြောင်းလဲခေါ်ဝေါ်သွားမည်ဖြစ်ကြောင်း သမ္မတ ထရမ့်က ကြေညာခဲ့သည်။

အစိုးရ စွက်ဖက်မှုမပါသော "မိမိကိုယ်ကို ထိန်းကျောင်းရေးစနစ်" (Self-Regulation) - နည်းပညာ၏ အန္တရာယ်များကို ထိန်းချုပ်ရာတွင် အစိုးရဘက်က ဥပဒေဖြင့် တင်းကျပ်မည့်အစား ကုမ္ပဏီများအချင်းချင်း မိမိကိုယ်ကို ထိန်းကျောင်းစောင့်ကြည့်သည့်စနစ် (Self-policing) ကိုသာ သမ္မတ ထရမ့်က ထောက်ခံခဲ့သည်။ အန္တရာယ်စစ်ဆေးမှု၊ ပြင်ပစာရင်းစစ်များ ပါဝင်သော လုံခြုံရေးအဆင့် ၄ ဆင့်ပါ "ကျင့်ဝတ်အရ လိုက်နာရမည့် သဘောတူညီချက်" (Morally binding accord) တစ်ရပ်ကိုလည်း နည်းပညာခေါင်းဆောင်များနှင့်အတူ လက်မှတ်ရေးထိုးခဲ့သည်။

စားပွဲဝိုင်း ထိုင်ခင်း အခင်းအကျင်း -

သမ္မတ ထရမ့်၏ ဘေးတိုက်နေရာများတွင် Elon Musk (Tesla) နှင့် Jensen Huang (Nvidia) တို့ ထိုင်ခွင့်ရခဲ့သည်။

Mark Zuckerberg (Meta) နှင့် Sundar Pichai (Google) တို့သည် သမ္မတနှင့် တစ်ခုံသာ ကွာဝေးသော နေရာတွင် ထိုင်ခဲ့ကြပြီး Satya Nadella (Microsoft) လည်း အနီးအနားတွင် နေရာရခဲ့သည်။

သမ္မတနှင့် အလှမ်းဝေးသော စားပွဲအစွန်နေရာများတွင်မူ OpenAI ဥက္ကဋ္ဌ Greg Brockman (CEO ဖြစ်သူ Sam Altman မတက်ရောက်) နှင့် အစိုးရနှင့် တင်းမာမှုရှိခဲ့သည့် Anthropic ၏ CEO Dario Amodei တို့ ရောက်ရှိခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းက ချိုင်းနား (China) သမ္မတ ရှီကျင့်ဖျင်နှင့် ညစာစားပွဲတွင် နေရာရခဲ့သော Lisa Su (AMD) အပါအဝင် Jeff Bezos (Amazon) နှင့် Alex Karp (Palantir) တို့လည်း တက်ရောက်ခဲ့ကြသည်။

Apple ဘက်မှ အကြီးတန်းခေါင်းဆောင်များ မည်သူမျှ တက်ရောက်လာခြင်း မရှိသည်ကို တွေ့ရသည်။

ခေါင်းဆောင်များ၏ သုံးသပ်ချက်နှင့် ရှေ့လုပ်ငန်းစဉ် - Meta ၏ CEO Mark Zuckerberg က ဤသဘောတူညီချက်သည် အစပျိုးမှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပြီး Anthropic ၏ CEO Dario Amodei ကမူ AI နည်းပညာ၏ အန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းမည့် နည်းလမ်းများမှာ ဆက်လက်ဆွေးနွေးရဦးမည်ဟု သုံးသပ်ခဲ့သည်။ ထို့ပြင် နည်းပညာကဏ္ဍတစ်ခုလုံးကို ကိုင်တွယ်မည့် အကြီးအကဲ (AI Czar) တစ်ဦးကို လာမည့် ၃ ရက် သို့မဟုတ် ၄ ရက်အတွင်း ကြေညာသွားမည်ဟု သမ္မတ ထရမ့်က ထည့်သွင်းပြောကြားခဲ့သည်။

"စတုတ္ထမျိုးဆက်မြန်မာသတင်းသမားဆောင်းပါး .. YDN မှာ.. ပါလာ"အမေရိကားရဲ့..  သက်တမ်းအရင့်ဆုံး တက္ကသိုလ်နေ့စဉ်သတင်းစာ (oldest...
09/24/2026

"စတုတ္ထမျိုးဆက်မြန်မာသတင်းသမားဆောင်းပါး .. YDN မှာ.. ပါလာ"

အမေရိကားရဲ့.. သက်တမ်းအရင့်ဆုံး တက္ကသိုလ်နေ့စဉ်သတင်းစာ (oldest independent college daily) ဖြစ်တဲ့.. The Yale Daily News (founded on January 28, 1878) မှာ.. သမီးတော်ခိုင်သံစဉ် ( Kai Bwor) ဆောင်းပါး.. ပါလာတာပါ..။
ဆောင်းပါးက... နိုင်ငံရေးနွယ်..
New Hampshire representative returns to Yale, argues for term limits တဲ့...။

Yale တက္ကသိုလ်ရောက်တာနဲ့... The Yale Daily News ကို.. ပထမဆုံးသွားအမည်သွင်းခဲ့တာဖြစ်ပြီး... အခု.. သူဆောင်းပါးစ,ပါလာတာဖြစ်ပါတယ်..။

မြန်မာကျောင်းသားအသင်းထောင်ဖို့လည်း.. ဦးဆောင်လုပ်နေပါသတဲ့..။
Yale တက္ကသိုလ်မှာ.. မြန်မာကျောင်းသားနည်းသေးတာမို့.. တခြား Ivy League က.. မြန်မာကျောင်းသားတွေနဲ့.. ချိတ်ဆက်အလုပ်တွဲလုပ်မှာဆိုပါတယ်..။

Ivy League က.. တချို့ကျောင်းသူားတွေနဲ့လည်း အဆက်အသွယ်ရထားပြီးပါပြီ..။
စိတ်ဝင်စားသူ.. မြန်မာကျောင်းသူားများ... ဤသူကတဆင့်...ဆက်သွယ်ပါ..။ တိုက်ရိုက်ဆက်ပေးနိုင်ပါကြောင်း..။

"ကယ်လီဖိုးနီးယားရှိ အိမ်ထောင်စုများ မီတာသက်သာခွင့်အမ်းငွေ ပျမ်းမျှ ဒေါ်လာ ၇၅ ရရှိမည်"အယ်လ်ဆီဂန်ဒို၊ ကယ်လီဖိုးနီးယား - ကယ...
09/22/2026

"ကယ်လီဖိုးနီးယားရှိ အိမ်ထောင်စုများ မီတာသက်သာခွင့်အမ်းငွေ ပျမ်းမျှ ဒေါ်လာ ၇၅ ရရှိမည်"

အယ်လ်ဆီဂန်ဒို၊ ကယ်လီဖိုးနီးယား - ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆမ် (Gavin Newsom) က နယူးယောက်မြို့ ရာသီဥတု ရက်သတ္တပတ် (Climate Week NYC) အစီအစဉ်အတွင်း အင်္ဂါနေ့တွင် ကြေညာချက်တခု ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်အရ ကယ်လီဖိုးနီးယားရှိ အိမ်ထောင်စု သန်းပေါင်းများစွာသည် ယခု သြဂုတ်လနှင့် စက်တင်ဘာလများအတွင်း လျှပ်စစ်မီတာခများတွင် အလိုအလျောက် သက်သာခွင့် (Credit) အဖြစ် ပျမ်းမျှ ဒေါ်လာ ၇၅ စီ သက်သာခွင့် ရရှိနေကြပြီ ဖြစ်သည်။

နွေရာသီ အပူချိန်မြင့်တက်မှုကြောင့် လျှပ်စစ်ဓာတ်အား သုံးစွဲမှု ပိုမိုများပြားလာသည့် ပြီးခဲ့သော နှစ်လတာ ကာလအတွင်း PG&E၊ Southern California Edison (SCE) နှင့် San Diego Gas & Electric (SDG&E) တို့မှ သတ်မှတ်ချက်နှင့် ကိုက်ညီသော လူနေအိမ်သုံး လျှပ်စစ်သုံးစွဲသူများသည် ဤသက်သာခွင့်ကို ပထမဆုံးအကြိမ်အဖြစ် ရရှိကြခြင်း ဖြစ်သည်။

ဤသက်သာခွင့်သည် အလိုအလျောက် ပေးအပ်ခြင်းဖြစ်ပြီး မည်သည့် လျှောက်လွှာမျှ တင်သွင်းရန် မလိုပေ။ ယခုနှစ်အတွင်း ကယ်လီဖိုးနီးယား လျှပ်စစ်သုံးစွဲသူများထံ စုစုပေါင်း ဒေါ်လာ ၈၈၆ သန်း ပြန်လည်ရောက်ရှိစေမည် ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး၏ သတင်းထုတ်ပြန်ရေးရုံးအရ သိရသည်။

မီတာခဘေလ်ပေါ်တွင် အလိုအလျောက် ထည့်သွင်းပေးထားပြီးဖြစ်၍ ကယ်လီဖိုးနီးယား ပြည်နယ်သူ ပြည်နယ်သားများ အနေဖြင့် သီးခြား ဆောင်ရွက်ရမည့် အချက် မရှိပေ။

အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆမ်၏ ကြေညာချက်အရ နွေရာသီနှောင်းပိုင်းတွင် ကယ်လီဖိုးနီးယားရှိ အိမ်ထောင်စု သန်းပေါင်းများစွာသည် ပျမ်းမျှ ဒေါ်လာ ၇၅ ဝန်းကျင် အလိုအလျောက် လျှပ်စစ်မီတာခ သက်သာခွင့် ရရှိနေခြင်းမှာ အမှန်တကယ် ဖြစ်သည်။ "California Climate Credit" အစီအစဉ်သည် အစစ်အမှန်ဖြစ်ပြီး၊ အကယ်၍ မိမိ၏ လျှပ်စစ် သို့မဟုတ် သဘာဝဓာတ်ငွေ့ မီတာခဘေလ်တွင် ဒေါ်လာ ၇၅ ဝန်းကျင် လျော့ကျသွားသည်ကို တွေ့ရှိပါက ယင်းသည် ပြည်နယ်အစိုးရ၏ တရားဝင် စီမံချက်ကြောင့်ဖြစ်ပြီး လိမ်လည်မှု (Scam) သို့မဟုတ် စာရင်းတွက်ချက်မှု အမှားအယွင်း မဟုတ်ပေ။

လုပ်ဆောင်ပုံ အဆင့်ဆင့်

စတင်ဖြစ်ပေါ်လာပုံ - ဤသက်သာခွင့်သည် ကယ်လီဖိုးနီးယား လေထုအရင်းအမြစ်များ ဘုတ်အဖွဲ့ (CARB) မှ စီမံခန့်ခွဲပြီး ကယ်လီဖိုးနီးယား ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ကော်မရှင် (CPUC) မှ ကြီးကြပ်သည့် ပြည်နယ်၏ ကာဗွန်ထုတ်လွှတ်မှု ကန့်သတ်ချက်နှင့် ရောင်းဝယ်ရေး အစီအစဉ် (Cap-and-Trade program) မှ လာခြင်း ဖြစ်သည်။ လျှပ်စစ်ဓာတ်အားပေး စက်ရုံများနှင့် စက်မှုလုပ်ငန်းသုံး စက်ရုံကြီးများသည် ကာဗွန်ထုတ်လွှတ်ခွင့် ခွင့်ပြုမိန့်များကို ဝယ်ယူရပြီး၊ ယင်းမှ ရရှိသော ဝင်ငွေတစိတ်တပိုင်းကို အိမ်ထောင်စုများထံ တိုက်ရိုက် ပြန်လည်ခွဲဝေပေးခြင်း ဖြစ်သည်။

ရရှိသည့် အချိန်ကာလ - Southern California Edison (SCE)၊ PG&E သို့မဟုတ် SDG&E ကဲ့သို့သော အဓိက လျှပ်စစ်သုံးစွဲသူ အများစုအတွက် တနှစ်လျှင် နှစ်ကြိမ် (အများအားဖြင့် နွေဦးပေါက် ဧပြီ/မေ နှင့် ဆောင်းဦးပေါက် အောက်တိုဘာ/နိုဝင်ဘာ) ဘေလ်များတွင် ပေါ်လာလေ့ရှိသည်။ သဘာဝဓာတ်ငွေ့ (Natural Gas) သုံးစွဲသူများသည် ဆောင်းနှောင်း သို့မဟုတ် နွေဦးကာလတွင် တနှစ်လျှင် တခါ ထပ်ဆောင်း သက်သာခွင့် ရရှိတတ်သည်။

ပမာဏ - လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးသည့် ကုမ္ပဏီနှင့် သက်ဆိုင်ရာ နှစ်အလိုက် အနည်းငယ် ကွာခြားမှု ရှိသော်လည်း ပုံမှန်အားဖြင့် ဒေါ်လာ ၃၀ မှ ၉၀ ကြား (SCE နှင့် PG&E ကဲ့သို့သော အဓိက ကုမ္ပဏီကြီးများတွင် ဒေါ်လာ ၇၀ မှ ၇၅ ဝန်းကျင်) ရရှိကြသည်။

အလိုအလျောက် ရရှိခြင်း - မည်သည့် လျှောက်လွှာမျှ တင်သွင်းရန်၊ စာရင်းပေးသွင်းရန် သို့မဟုတ် ပြင်ပ Link များကို နှိပ်ရန် မလိုအပ်ပေ။ လစဉ် မီတာခစာရင်းပေါ်တွင် "California Climate Credit" ဟူသော စာသားဖြင့် အလိုအလျောက် နုတ်ပယ်ပေးထားမည် ဖြစ်သည်။

သတိပြုရန် အချက်များ

အစစ်အမှန် - မိမိထံ ပုံမှန်ရောက်ရှိနေကျ မီတာခ စာရွက် သို့မဟုတ် PDF ဘေလ်စာရင်းတွင် ပေးဆောင်ရမည့် စုစုပေါင်းငွေ ပမာဏ လျော့ကျသွားသည့် စာရင်းတကြောင်း အဖြစ် တွေ့မြင်ရမည် ဖြစ်သည်။

** လိမ်လည်မှု (Scam) - ဒေါ်လာ ၇၅ သက်သာခွင့်ကို "ထုတ်ယူရန် (Claim)" အတွက် Link တခုခုကို နှိပ်ခိုင်းခြင်း၊ ဘဏ်အချက်အလက်များ တောင်းခံခြင်း သို့မဟုတ် လူမှုဖူလုံရေးနံပါတ် (SSN) ကို အတည်ပြုခိုင်းသည့် မသင်္ကာဖွယ် မက်ဆေ့ခ်ျ၊ ဖုန်းခေါ်ဆိုမှု သို့မဟုတ် အီးမေးလ်များသည် လိမ်လည်မှုများသာ ဖြစ်သည်။ သက်ဆိုင်ရာ ဝန်ဆောင်မှု ကုမ္ပဏီများနှင့် ပြည်နယ်အစိုးရတို့သည် ယင်းငွေကြေးကို ကိုယ်တိုင်တောင်းခံရန် မည်သည့်အခါမျှ တောင်းဆိုမည် မဟုတ်ပေ။

မြန်မာအများစုသည် အဆိုပါလိမ်လည်မှုမျိုးကို မကြုံ/မဆုံနိုင်ပါစေကြောင်း... အထူးသတိပြုနိုင်ကြပါရန် မြန်မာဂဇက်မှ အသိပေးပါသည်။

"အပတ်စဥ် မြန်မာ့ဂဇက်သတင်းတပုဒ်စီ ဖုန်းမှ အခခဲ့ရယူရန်"ပူးတွဲပါ  QR Code အား ဖုန်းဖြင့် ဖတ်ပြီး ဖြစ်စေ၊ အောက်ဖော်ပြပါ link...
09/22/2026

"အပတ်စဥ် မြန်မာ့ဂဇက်သတင်းတပုဒ်စီ ဖုန်းမှ အခခဲ့ရယူရန်"

ပူးတွဲပါ QR Code အား ဖုန်းဖြင့် ဖတ်ပြီး ဖြစ်စေ၊ အောက်ဖော်ပြပါ link မှာ စာဖတ်သူ၏ ဖုန်းနံပါတ်ကို ထည့်ပြီး ဖြစ်စေ
အပတ်စဥ် မြန်မာ့ဂဇက်သတင်းတပုဒ်စီကို ဖုန်းမှ အခမဲ့ရယူ ဖတ်ရှုနိုင်ပါသည်။
https://joinsubtext.com/c/banews

"USCIS အရာရှိတယောက်ရဲ့ မျက်စိထဲဝင်ကြည့်ခြင်း"( A တင်ထားတဲ့သူတွေအတွက်... အကျိုးရှိနိုင်တာမို့ ဘာသာပြန်ဖေါ်ပြပေးတာဖြစ်ပါတယ...
09/22/2026

"USCIS အရာရှိတယောက်ရဲ့ မျက်စိထဲဝင်ကြည့်ခြင်း"

( A တင်ထားတဲ့သူတွေအတွက်... အကျိုးရှိနိုင်တာမို့ ဘာသာပြန်ဖေါ်ပြပေးတာဖြစ်ပါတယ်)

Post category:Contributor, Columnist / Myanmar Gazette
အမေရိကား နိုင်ငံသားဖြစ်မှုနှင့် လူဝင်မှုကြီးကြပ်ရေးဌာန (USCIS) ထံ လျှောက်လွှာတင်သွင်းတဲ့အခါ ဘာတွေပါသွားတယ်ဆိုတာကို ရှေ့နေတိုင်း သိကြပါတယ်..။ ဒါပေမဲ့ USCIS ဘက်က အမှန်တကယ် ဘာတွေကို မြင်တွေ့နေရသလဲဆိုတာကိုတော့ သိသူ အလွန်နည်းပါသေးတယ်..။

ဒီကနေ့ခေတ် အမှုစစ်အရာရှိ (Adjudicator) တွေဟာ လျှောက်ထားသူ တင်သွင်းလာတဲ့ လျှောက်လွှာဖောင်တွေနဲ့ ပူးတွဲထောက်ခံစာရွက်စာတမ်းတွေကိုပဲ ကြည့်ရှုစစ်ဆေးနေတော့တာ မဟုတ်ပါဘူး..။ USCIS အရာရှိတွေရဲ့ ကွန်ပျူတာဖန်သားပြင်ပေါ်မှာ အစိုးရဒေတာဘေ့စ်ပေါင်းစုံက အချက်အလက်တွေ၊ အရင်က တင်သွင်းခဲ့ဖူးတဲ့ လူဝင်မှုကြီးကြပ်ရေး မှတ်တမ်းဟောင်းတွေ၊ ဒစ်ဂျစ်တယ်စနစ်ပြောင်းထားတဲ့ မှတ်တမ်းတွေ၊ လိမ်လည်မှုရှာဖွေရေးစနစ် (Fraud-Detection Systems) တွေနဲ့ ဌာနတွင်း နောက်ကွယ်ကနေ စုစည်းပေးထားတဲ့ အရင်းအမြစ်မျိုးစုံ ရောက်ရှိနေတာ ဖြစ်ပါတယ်..။

ဒီဆောင်းပါးမှာတော့ အမေရိကန် လူဝင်မှုကြီးကြပ်ရေးရှေ့နေများအသင်း (AILA) အဖွဲ့ဝင် အန်ဂျလို ပါပါရယ်လီ (Angelo Paparelli) က USCIS ရဲ့ ခိုလှုံခွင့်ဆိုင်ရာ အမှုစစ်အရာရှိဟောင်း ဂျိုရှူအာ ပီရက်ဇ် (Joshua Perez) နဲ့ တွေ့ဆုံမေးမြန်းပြီး.. အရာရှိတယောက်အနေနဲ့ ခိုလှုံခွင့်လျှောက်လွှာတွေကို ဘယ်လို ရှုထောင့်ကနေ မြင်တွေ့စစ်ဆေးသလဲဆိုတာကို ဖော်ထုတ်တင်ပြထားပါတယ်..။ ဒီဆွေးနွေးချက်ဟာ ခိုလှုံခွင့် (Asylum) အမှုတွေကို အခြေခံထားပေမဲ့ မိသားစုအခြေပြု၊ အလုပ်အကိုင်အခြေပြု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားမှုတွေအားလုံးအပေါ်ပါ အကျုံးဝင်နေပါတယ်..။ အဓိကအချက်ကတော့ လျှောက်ထားသူဘက်က တင်သွင်းလိုက်တဲ့ အချက်အလက်နဲ့ အစိုးရဆုံးဖြတ်ချက်ချသူတွေ လက်ထဲရောက်နေတဲ့ အချက်အလက်ပမာဏကြား ကွာဟချက် ကြီးမားလာနေတဲ့ လက်တွေ့အခြေအနေပဲ ဖြစ်ပါတယ်..။

အများပြည်သူ ကြည့်ရှုခွင့်ရှိတဲ့ အစိုးရမှတ်တမ်းတွေကို အခြေခံပြီး ခိုလှုံခွင့်လျှောက်လွှာတွေကို စစ်ဆေးရာမှာ အသုံးပြုတဲ့ သရုပ်ခွဲလေ့လာရေး နည်းပညာတွေအကြောင်း ဂျိုရှူအာက ရှင်းပြထားပါတယ်..။ ဒီလေ့လာတွေ့ရှိချက်တွေဟာ အမေရိကား လူဝင်မှုကြီးကြပ်ရေးစနစ်တခုလုံးရဲ့ နည်းပညာသုံး စစ်ဆေးမှုတွေကို မေးခွန်းထုတ်စရာ ဖြစ်လာစေပါတယ်..။

ဒီနည်းပညာစနစ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက် အများစုဟာ ရှေ့နေတွေ သတိမထားမိတတ်တဲ့ ပုဂ္ဂိုလ်ရေးလုံခြုံမှုဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ချက်များ (Privacy Impact Assessments – PIA)၊ မှတ်တမ်းစနစ်ဆိုင်ရာ ကြေညာချက်များ (SORN) နဲ့ ဖက်ဒရယ် AI အသုံးပြုမှု စာရင်းတွေထဲမှာပဲ ပါဝင်လေ့ရှိပါတယ်..။ USCIS က စနစ်တွေကို ဒစ်ဂျစ်တယ်အသွင် အဆင့်မြှင့်တင်နေချိန်မှာ ဥပဒေကြောင်းအရ နားလည်ထားရုံတင်မကဘဲ အမှုစစ်အရာရှိရဲ့ မျက်စိရှေ့မှာ ဘာတွေပေါ်နေသလဲဆိုတဲ့ နည်းပညာဝန်းကျင်ကို နားလည်ထားဖို့လည်း ရှေ့နေတွေအတွက် အထူးအရေးကြီးလာနေပါပြီ..။

လျှောက်လွှာစာတွဲထက် ကျော်လွန်၍ – USCIS ခိုလှုံခွင့်အရာရှိများ အမှန်တကယ် ဘာကို မြင်တွေ့နေရသလဲ
ခိုလှုံခွင့်ဖောင် Form I-589 နဲ့ ကိုယ်တိုင်ရေးထွက်ဆိုချက် (Declaration) တွေကို အင်တာဗျူးမခေါ်ခင်မှာ USCIS အနေနဲ့ သရုပ်ခွဲနည်းပညာတွေ သုံးပြီး စစ်ဆေးနေသလားဆိုတာ လူဝင်မှုကြီးကြပ်ရေး လောကထဲမှာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်..။ တရားဝင် အစိုးရစာရွက်စာတမ်းတွေအရ အဲဒီမေးခွန်းအတွက် အဖြေတစိတ်တပိုင်းကို အခုလို တွေ့ရှိရပါတယ် –

USCIS အရာရှိတွေ ဘယ်လို ဒစ်ဂျစ်တယ်ကိရိယာတွေကို သုံးနေသလဲ

ပြည်တွင်းလုံခြုံရေးဌာန (DHS) ရဲ့ AI အသုံးပြုမှု မှတ်တမ်းအရ Pangaea Text လို့ခေါ်တဲ့ စာသားခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ သိပ္ပံနည်းကျ မော်ဒယ် (Text Analytics Data Science Sentence Similarity Model – အမှတ်စဉ် DHS-130) ကို အသုံးပြုနေတာ တွေ့ရပါတယ်..။ ဒါကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ခဲ့တဲ့ အကဲဖြတ်ချက် (DHS/USCIS/PIA-085) ထဲမှာ ဖော်ပြထားခဲ့ပြီး ယနေ့တိုင် နောက်ထပ် မွမ်းမံထုတ်ပြန်ထားတာ မရှိသေးပါဘူး..။ အဲဒီစနစ်ဟာ Form I-589 ရဲ့ အခန်း (B) အပါအဝင် ထွက်ဆိုချက်ရေးသားချက်တွေ၊ နောက်ဆက်တွဲ ဖော်ပြချက်တွေနဲ့ ဘာသာပြန်လက်မှတ်တွေကို စည်းမျဉ်းတွေ၊ အယ်လ်ဂိုရီသမ်တွေနဲ့ စစ်ဆေးပြီး.. လိမ်လည်မှု၊ နိုင်ငံတော်လုံခြုံရေး ဒါမှမဟုတ် ပြည်သူ့လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ စာသားပုံစံတွေကို ရှာဖွေဖော်ထုတ်တာ ဖြစ်ပါတယ်..။

Pangaea Text ဆိုတာ Pangaea လို့ခေါ်တဲ့ အချက်အလက်အခြေပြု ဆော့ဖ်ဝဲလ်အစုအဝေးကြီးရဲ့ အစိတ်အပိုင်းတခုသာ ဖြစ်ပါတယ်..။ ၂၀၂၁ ခုနှစ်နောက်ပိုင်း အဆိုပါ အစုအဝေးထဲမှာ တခြား ဘယ်လို နည်းပညာတွေ ထပ်မံထည့်သွင်းထားသလဲဆိုတာကိုတော့ အများပြည်သူသိအောင် ထုတ်ပြန်ထားခြင်း မရှိပါဘူး..။ ဒီစနစ်ဟာ အတည်ပြုခြင်း ဒါမှမဟုတ် ပယ်ချခြင်းကို အလိုအလျောက် ဆုံးဖြတ်ပေးတဲ့ စနစ်တော့ မဟုတ်ပါဘူး..။ စာသားတွေကို စိစစ်ပြီး လူသားအရာရှိတွေ ပြန်လည်သုံးသပ်နိုင်အောင် အချက်အလက်ဘောင်ခတ် ပြသပေးတဲ့စနစ်သာ ဖြစ်တယ်လို့ ဆိုပါတယ်..။

အမှုစစ်အရာရှိတွေရဲ့ မျက်စိရှေ့မှာ ဘာတွေ ပေါ်နေသလဲ

PIA အစီရင်ခံစာအရ အရာရှိရဲ့ ဖန်သားပြင်ပေါ်မှာ “အယ်လ်ဂိုရီသမ်နဲ့ စည်းမျဉ်းတွေက သံသယဖြစ်ဖွယ် သတ်မှတ်ထားတဲ့ စာသားတွေကို အရောင်ဆိုး (Highlighted) ပြသထားတဲ့ လျှောက်လွှာမိတ္တူ” ပေါ်လာတာ ဖြစ်ပါတယ်..။

အမှတ်ပေးထားတာ (Score) ဒါမှမဟုတ် အန္တရာယ်အဆင့်သတ်မှတ်ချက် (Risk Rating) တွေ ပေါ်လာတာ မဟုတ်ပါဘူး..။ လျှောက်ထားသူရဲ့ A-Number နဲ့ ဆွဲတင်လိုက်တဲ့အခါ မူလထွက်ဆိုချက်စာသားထဲမှာ စနစ်က မသင်္ကာလို့ အရောင်မှတ်သားထားတဲ့ နေရာတွေ ထင်းခနဲ ပေါ်နေတာ ဖြစ်ပါတယ်..။ ရှေ့နေအချက်အလက် အပါအဝင် ကိုယ်ရေးရာဇဝင်တွေကိုတော့ Global နဲ့ eCISCOR စနစ်တွေကနေ တပါတည်း ဆွဲယူပြသပေးပါတယ်..။

ဒါဟာ လက်တွေ့မှာ ဘာကို ဆိုလိုသလဲဆိုရင် စာရွက်စာတမ်းတခုတည်းမှာ မတူညီတဲ့ ပုံစံနှစ်မျိုး ဖြစ်သွားတာပါပဲ..။ လျှောက်ထားသူနဲ့ ရှေ့နေဘက်က တင်သွင်းလိုက်တဲ့ မူရင်းစာရွက်စာတမ်းမှာ ဘာအရောင်မှ မပါပေမဲ့ အမှုစစ်အရာရှိ ဖွင့်ကြည့်လိုက်တဲ့ စာရွက်စာတမ်းမှာတော့ အချို့စာသားတွေက အရောင်ဆိုး မီးမောင်းထိုးပြထားခံရပါတယ်..။ စာသားချင်း အတူတူဖြစ်ပေမဲ့ ပြသပုံချင်း လုံးဝ မတူတော့ပါဘူး..။

ဘာတွေကို တိုက်ဆိုင်စစ်ဆေးနေတာလဲ

ဒီ AI မော်ဒယ်ဟာ စနစ်ထဲမှာ ရှိနှင့်ပြီးသား အခြားသော စာရွက်စာတမ်းတွေနဲ့ စာသားတူညီမှု ရှိမရှိ (Similarity and Relevancy) ကို အဓိက ရှာဖွေတာ ဖြစ်ပါတယ်..။ ဆိုလိုတာက ထွက်ဆိုချက်တခုတည်းအတွင်း စစ်ဆေးတာထက် အခြားသူတွေ တင်သွင်းထားတဲ့ လျှောက်လွှာတွေနဲ့ တူညီနေတဲ့ စကားလုံး အသုံးအနှုန်းတွေကို နှိုင်းယှဉ်ရှာဖွေတာ ဖြစ်ပါတယ်..။

အစောပိုင်း ၂၀၂၂ ခုနှစ် အောက်တိုဘာလ မှတ်တမ်းတုန်းက ဒီလုပ်ငန်းစဉ်ကို “ခိုလှုံခွင့်နှင့် ပြည်နှင်ဒဏ်ဆိုင်းငံ့ခွင့် အမှုများတွင် ကူးချမှု ရှာဖွေခြင်း (Plagiarism Detection)” လို့ တရားဝင် သုံးနှုန်းခဲ့ပေမဲ့ ၂၀၂၅ ခုနှစ် အရောက်မှာတော့ အဲဒီစကားလုံးကို ဖြုတ်ပစ်ခဲ့တာ တွေ့ရပါတယ်..။

ဒီဆော့ဖ်ဝဲလ်က ဆုံးဖြတ်ချက်တွေကို တိုက်ရိုက် ချမှတ်နေတာလား

တိုက်ရိုက် ချမှတ်နေတာ မဟုတ်ပါဘူး..။ စာရွက်စာတမ်းတွေ အားလုံးမှာ ဒါဟာ သုတေသနပြုလုပ်တဲ့ ကိရိယာတခုသာဖြစ်ပြီး အကြံပြုချက် ဒါမှမဟုတ် အဆုံးအဖြတ်တွေ မပေးဘူးလို့ အတိအလင်း ဆိုထားပါတယ်..။ PIA အပိုင်း ၂.၄ အရ စနစ်က တူညီတဲ့ စာသားပုံစံကို တွေ့ရှိခဲ့ရင် ခိုလှုံခွင့်အရာရှိ ဒါမှမဟုတ် လိမ်လည်မှုရှာဖွေရေးနှင့် အမျိုးသားလုံခြုံရေးဌာနခွဲ (FDNS) အရာရှိက ကိုယ်တိုင် လက်ဖြင့် (Manually) ပြန်လည်စိစစ်ရမယ်လို့ သတ်မှတ်ထားပါတယ်..။

ဒါပေမဲ့ ပြဿနာက “လွှမ်းမိုးမှု (Influence)” ဖြစ်ပါတယ်..။ အစိုးရရဲ့ စာရင်းသွင်းချက်မှာ ဒီစနစ်ကို ဆုံးဖြတ်ချက် အထောက်အကူပြု ကိရိယာ (Decision Support Tool) လို့ သတ်မှတ်ထားပြီး ဥပဒေအရ ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိစေနိုင်တဲ့ (High-Impact) အမျိုးအစားအဖြစ် ဖော်ပြထားပါတယ်..။

အရာရှိတယောက်အနေနဲ့ စာဖတ်မစခင်ကတည်းက အနီရောင် ဒါမှမဟုတ် အရောင်ဆိုးပြီး အချက်ပြထားတဲ့ စာသားတွေကို မြင်တွေ့ရခြင်းဟာ လျှောက်ထားသူရဲ့ ယုံကြည်ထိုက်မှု (Credibility) အပေါ် အကဲဖြတ်တဲ့အခါ မသိစိတ်ကနေ လွှမ်းမိုးမှု မရှိနိုင်ဘူးလားဆိုတာ အလွန် အရေးကြီးတဲ့ မေးခွန်း ဖြစ်လာပါတယ်..။ REAL ID ဥပဒေစံနှုန်းအရ အမှုစစ်ဟာ အခြေအနေအရပ်ရပ်အပေါ် မူတည်ပြီး ယုတ္တိရှိမှုကို ချိန်ဆရတာဖြစ်တဲ့အတွက် ကြိုတင်အရောင်ဆိုးခံထားရတဲ့ စာသားတွေဟာ အရာရှိရဲ့ အမြင်ကို သေချာပေါက် ပြောင်းလဲစေနိုင်ပါတယ်..။

လျှောက်ထားသူတွေက ဒီလို စစ်ဆေးခံနေရတာကို သိကြသလား

မသိကြပါဘူး..။ USCIS ကိုယ်တိုင်ကလည်း PIA အပိုင်း ၄.၃ မှာ လျှောက်ထားသူတွေဟာ သူတို့ရဲ့ အချက်အလက်တွေကို ဒီနည်းလမ်းနဲ့ စစ်ဆေးခံနေရမှန်း သိရှိနိုင်ခြင်း မရှိတဲ့ စွန့်စားရမှု (Risk) ရှိနေတယ်လို့ ဝန်ခံထားပါတယ်..။

စနစ်ရဲ့ အမှားအယွင်းတွေအတွက် ဘယ်လိုရှိသလဲ

မှားယွင်းသံသယဖြစ်မှု (False Positives) တွေ ဖြစ်နိုင်ခြေ အနည်းငယ်ရှိတယ်လို့ အေဂျင်စီက ဆိုပါတယ်..။ ဒါ့အပြင် ကွန်ပျူတာစာလုံးဖတ်စနစ် (OCR) က စာလုံးတွေကို မှားဖတ်မိနိုင်ခြေရှိပြီး တိကျမှု ၉၀ ရာခိုင်နှုန်းအောက် ရောက်ရင်တော့ “စကင်ဖတ်ထားသော စာသားများတွင် အမှားပါဝင်နိုင်သည်” ဆိုတဲ့ သတိပေးချက် ပြသပေးတယ်လို့ ဆိုပါတယ်..။

ရှေ့နေများနှင့် လျှောက်ထားသူများ အနေဖြင့် ယခု ဘာလုပ်သင့်သလဲ
၁။ မိမိအသုံးပြုသည့် စာသားပုံစံများကို ပြန်လည်သုံးသပ်ပါ – ဒီစနစ်ဟာ တခြားလျှောက်လွှာတွေနဲ့ စာသားတိုက်ဆိုင်စစ်ဆေးတာ ဖြစ်တဲ့အတွက် ရှေ့နေတယောက်တည်းက သုံးစွဲနေကျ တူညီတဲ့ မူဘောင်တွေ (Templates)၊ နိုင်ငံအခြေအနေဖော်ပြချက် ပုံသေစာပိုဒ်တွေ ဒါမှမဟုတ် ဘာသာပြန်လက်မှတ် ပုံစံတူတွေကို စနစ်က ထောက်ပြနေတာမျိုး ဖြစ်နိုင်ပါတယ်..။ ဒါကြောင့် အင်တာဗျူးမှာ အရာရှိက အဖြစ်အပျက်ထက် စကားလုံး အသုံးအနှုန်းအချို့ကိုပဲ ထပ်ခါတလဲလဲ မေးခွန်းထုတ်နေသလားဆိုတာ သတိထား စောင့်ကြည့်သင့်ပါတယ်..။

၂။ FOIA မှတဆင့် မှတ်တမ်းအပြည့်အစုံ တောင်းယူပါ – အချက်အလက်လွတ်လပ်ခွင့် အက်ဥပဒေ (FOIA) အရ မိမိအမှုတွဲ (A-File) ကို တောင်းယူတဲ့အခါ FDNS မှတ်တမ်းတွေ အပါအဝင် စနစ်က ထုတ်ပေးထားတဲ့ အချက်အလက်တွေ ပါမပါ သေချာစိစစ် တောင်းခံသင့်ပါတယ်..။

၃။ ပြင်ဆင်ခွင့်ဆိုင်ရာ ကန့်သတ်ချက်များကို သတိပြုပါ – အချက်အလက် မှားယွင်းနေပါက အစီရင်ခံစာထဲမှာ တိုက်ရိုက်ပြင်ဆင်၍ မရဘဲ မူလရင်းမြစ် စနစ်တွေထဲမှာသာ ပြင်ဆင်ရမည်ဖြစ်ပြီး၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အက်ဥပဒေအရ ပြင်ဆင်ခွင့်ကိုလည်း အမေရိကား နိုင်ငံသားများ၊ အမြဲတမ်းနေထိုင်ခွင့်ရသူများနှင့် အချို့သော သတ်မှတ်ခံရသူများသာ အပြည့်အဝ ရရှိနိုင်ပါတယ်..။

ဘာတွေ မသိရသေးဘူးလဲ
ဒီစနစ်က ဘယ်လို စာသားပုံစံတွေကို သံသယဖြစ်ဖွယ်အဖြစ် အဓိက သတ်မှတ်ထားသလဲ၊ တကယ့် လက်တွေ့ အမှားအယွင်း ရာခိုင်နှုန်း ဘယ်လောက်ရှိသလဲ၊ ပြင်ပ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတွေနဲ့ စမ်းသပ်စစ်ဆေးထားခြင်း ရှိမရှိ ဆိုတာတွေကို အစိုးရဘက်က ထုတ်ဖော်မပြသသေးပါဘူး..။ လတ်တလောမှာ Refugees International အဖွဲ့နဲ့ Pangea Legal Services အဖွဲ့တို့က တရားရုံးတွေမှာ USCIS ထံကနေ ဒီအချက်အလက်တွေကို တရားဝင် ထုတ်ဖော်ပေးဖို့ တရားစွဲဆို တောင်းဆိုထားကြပါတယ်..။

ဒီနည်းပညာတွေကြောင့် မူလ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေ ပြောင်းလဲသွားတာတော့ မဟုတ်ပါဘူး..။ ခိုလှုံခွင့် တခု အောင်မြင်ဖို့အတွက် လိုအပ်တဲ့ ဥပဒေအချက်အလက်တွေနဲ့ ခိုင်လုံတဲ့ အထောက်အထားတွေကို တင်ပြရမှာကတော့ အရင်အတိုင်းပါပဲ..။

ဒါပေမဲ့ ပြောင်းလဲသွားတာကတော့ မိမိတို့ တင်သွင်းလိုက်တဲ့ အထောက်အထားတွေကို အမှုစစ်အရာရှိတွေက ဘယ်လို ဒစ်ဂျစ်တယ် ဝန်းကျင်နောက်ခံနဲ့ ကြည့်ရှုစစ်ဆေးနေသလဲဆိုတဲ့ အချက် ဖြစ်ပါတယ်..။ ဒါကြောင့် ရှေ့နေတွေအနေနဲ့ အမှုစစ်တွေဟာ လျှောက်ထားသူ တင်သွင်းလိုက်တဲ့ စာရွက်စာတမ်းတွေကိုပဲ ကြည့်ရှုနေကြတာ မဟုတ်တော့ဘူးဆိုတာကို သတိချပ်ပြီး၊ ဒီဒစ်ဂျစ်တယ်စနစ်သစ်ရဲ့ သဘောသဘာဝကို နားလည်ထားမှသာ လျှောက်ထားသူတွေဘက်က အကောင်းဆုံး ခုခံကာကွယ် ရင်ဆိုင်ပေးနိုင်မှာ ဖြစ်ပါတယ်ဗျာ..။

USCIS အရာရှိတယောက်ရဲ့ မျက်စိထဲဝင်ကြည့်ခြင်း Post author:kai Post published:September 22, 2026 Post category:Contributor, Columnist / Myanmar Gazette အမေရိကား နိုင်ငံသားဖြစ်မှုန...

"Clorox Recalls"Walmart နဲ့ Costco မှာ ရောင်းချခဲ့တဲ့ သန့်ရှင်းရေးသုံးပစ္စည်း ၆.၃ သန်းကျော် အန္တရာယ်ရှိတဲ့ ဘက်တီးရီးယား ...
09/05/2026

"Clorox Recalls"

Walmart နဲ့ Costco မှာ ရောင်းချခဲ့တဲ့ သန့်ရှင်းရေးသုံးပစ္စည်း ၆.၃ သန်းကျော် အန္တရာယ်ရှိတဲ့ ဘက်တီးရီးယား ပိုးမွှားတွေ ပါဝင်နေနိုင်တာကြောင့် ပြန်သိမ်းဆည်း (Recall) နေရပါပြီ..။

နာမည်ကျော် Clorox ကုမ္ပဏီက ထုတ်လုပ်တဲ့ သန့်ရှင်းရေး အရည်ပုလင်းပေါင်း ၆ ဒသမ ၃ သန်းလောက်မှာ ဘက်တီးရီးယားပိုးတွေ ကူးစက်ပြန့်ပွားနိုင်တဲ့ အန္တရာယ်ရှိနေလို့ ဝယ်ယူထားသူတွေ ချက်ချင်း လွှင့်ပစ်ကြဖို့နဲ့ ငွေပြန်အမ်းကြဖို့ (Refund) သတိပေးထားပါတယ်..။

စက်တင်ဘာ ၃ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ဒီကြေညာချက်ထဲမှာ Mistolin Dilutable Cleaners နဲ့ Lestoil Heavy Duty Multi-Purpose Cleaners အနံ့ပါ သန့်ရှင်းရေး အရည်တံဆိပ်တွေ ပါဝင်နေပြီး Puerto Rico နဲ့ U.S. Virgin Islands နယ်မြေတွေမှာ အဓိက ရောင်းချခဲ့တာ ဖြစ်ပါတယ်..။

အမေရိကား စားသုံးသူ ထုတ်ကုန် ဘေးကင်းလုံခြုံရေး ကော်မရှင် (CPSC) ရဲ့ သတိပေးချက်အရ - ဒီပစ္စည်းတွေထဲမှာ မြေဆီလွှာနဲ့ ရေထဲမှာ တွေ့ရတတ်တဲ့ အန္တရာယ်ရှိ Pseudomonas aeruginosa ဆိုတဲ့ ဘက်တီးရီးယားပိုးတွေ ပါဝင်နေနိုင်တယ်လို့ ဆိုပါတယ်..။

ဒီပိုးဟာ သာမန်ကျန်းမာရေးကောင်းမွန်သူတွေကို သိပ်မထိခိုက်နိုင်ပေမဲ့..၊ ကိုယ်ခံအားနည်းသူတွေ ဒါမှမဟုတ် ခန္ဓာကိုယ်ပြင်ပ ဆေးဘက်ဆိုင်ရာ ကိရိယာတွေ တပ်ဆင်ထားရသူတွေအတွက် ဆေးကုသမှု မဖြစ်မနေ ခံယူရလောက်တဲ့အထိ ပြင်းထန်တဲ့ ရောဂါပိုးဝင်ရောက်မှု အန္တရာယ် ကြုံရနိုင်ပါတယ်..။ အဆိုပါ ဘက်တီးရီးယားဟာ အသက်ရှူလမ်းကြောင်းကနေ ရှူရှိုက်မိတာ၊ မျက်စိထဲ ဝင်တာ ဒါမှမဟုတ် အရေပြား ပွန်းပဲ့ဒဏ်ရာတွေကနေတဆင့် ခန္ဓာကိုယ်ထဲ ဝင်ရောက်နိုင်တာ ဖြစ်ပါတယ်..။

အဆိုပါ ပြန်သိမ်းဆည်းတဲ့ ပစ္စည်းတွေကို Clorox Manufacturing Company of Puerto Rico, Inc. က ထုတ်လုပ်ခဲ့တာဖြစ်ပြီး.. 28, 40, 64 နဲ့ 128 fluid-ounce အရွယ်အစား ပုလင်းတွေကို Walmart, Sam’s Club, Costco အစရှိတဲ့ နာမည်ကြီး အရောင်းဆိုင်ကြီးတွေမှာ ၁ ဒေါ်လာ ၄၀ ဆင့် ကနေ ၈ ဒေါ်လာ ဝန်းကျင်နဲ့ ရောင်းချခဲ့တာပါ..။

အန္တရာယ်ရှိ အသုတ်ထဲမှာ ပါတဲ့ ပုလင်းတွေရဲ့ ဘေးဘက်မှာ "PR01" နဲ့ အစပြုပြီး ဂဏန်း ၅ လုံးပါတဲ့ ကုဒ်နံပါတ် (25091 ကနေ 26168 ကြား) ရိုက်နှိပ်ထားပါတယ်..။ ဒီကုဒ်တွေဟာ ၂၀၂၅ ခုနှစ် ဧပြီ ၁ ရက်ကနေ ၂၀၂၆ ခုနှစ် ဇွန် ၁၇ ရက်အတွင်း ထုတ်လုပ်ခဲ့တဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်..။

အခုချိန်ထိတော့ ထိခိုက်ဒဏ်ရာရမှု ဒါမှမဟုတ် ပြဿနာဖြစ်ပွားမှု သတင်း မကြားရသေးပေမဲ့.. အိမ်မှာရှိနေရင်တော့ ချက်ချင်း ဆက်မသုံးဘဲ လွှင့်ပစ်ကြဖို့ သတိပေးထားပါတယ်..။ ဝယ်ထားတဲ့သူတွေ အနေနဲ့ ပုလင်းပေါ်က ရက်စွဲကုဒ်နဲ့ ဘားကုဒ် (12-digit UPC code) တွေကို ဓာတ်ပုံရိုက် တင်ပြပြီး အွန်လိုင်းကနေ ငွေပြန်တောင်းနိုင်ပါတယ်..။ ဘောက်ချာ (Receipt) ရှိရင် ပေးဝယ်ခဲ့တဲ့ စျေးအတိုင်း အပြည့်ပြန်ရမှာဖြစ်ပြီး..၊ ဘောက်ချာ မရှိရင်လည်း ကုမ္ပဏီ သတ်မှတ်စျေးနှုန်းအတိုင်း ပြန်အမ်းပေးသွားမှာ ဖြစ်ပါတယ်..။

အသေးစိတ်ကို Clorox Puerto Rico ဖုန်းနံပါတ် 855-215-5439 သို့မဟုတ် [email protected] ကို အီးမေးလ် ပို့ပြီး ဆက်သွယ်မေးမြန်းနိုင်ပါတယ်..။

English for Success (8) - အောင်မြင်လိုသူတိုင်းအတွက် အင်္ဂလိပ်စာ (၈)- By Prof; Myo Kyaw Myintယခုလတွင် အောင်မြင်လိုသူတိုင်...
08/31/2026

English for Success (8) - အောင်မြင်လိုသူတိုင်းအတွက် အင်္ဂလိပ်စာ (၈)
- By Prof; Myo Kyaw Myint

ယခုလတွင် အောင်မြင်လိုသူတိုင်း သိထားသင့်သည့် ဝေါဟာရနှစ်ခုနှင့် ၎င်းဝေါဟာရတို့၏ ကွဲပြားခြားနားပုံလေးကို တင်ပြလိုပါသည်။ လူတိုင်းလိုလို သိကြသော Want နှင့် Need တို့၏ ကွဲပြားခြားနားပုံကို ရှင်းပြလိုပါသည်။ ဖော်ပြပါ ဝါကျလေးနှစ်ခုကို လေ့လာကြပါစို့။

I want to succeed.
I need to succeed.

want ဟု သုံးတတ်သူသည် အောင်မြင်ရင်လည်း အောင်မြင်မည်၊ မအောင်မြင်ချင်လည်း မအောင်မြင်မည်။ တနည်းအားဖြင့် A person who uses the expression, "I want to succeed" may or may not succeed. အဘယ်ကြောင့်ဆိုသော် want ဆိုသည်မှာ မိမိလိုချင်ခြင်းသာ ဖြစ်ပါသည်။ လူတိုင်းလိုလို "I want to succeed" ဟု ပြောတတ်ကြပါသည်။ အောင်မြင်ရန်လည်း ကြိုးစားတတ်ကြပါသည်။

"I want to be successful, I want to learn English, I want a higher salary, I want a house, I want a beautiful wife and children, I want to be the boss." စသဖြင့် want နှင့် တွဲ၍သုံးစွဲနေသရွေ့တော့ အောင်မြင်မှုရဖို့ မလွယ်ကူလှပါ။ ထို want နေရာ၌ need နှင့် အစားထိုးပြီး သုံးတတ်သည့် အလေ့အကျင့်လေး လုပ်ထားပါ။

Want ဆိုတာက ဆန္ဒရှိတာကို ဖော်ပြပါသည်။ အောင်မြင်လိုသော ဆန္ဒရှိရုံနှင့် အောင်မြင်မှု မရနိုင်ပါ။ need ဆိုတာက မဖြစ် ဖြစ်အောင် လုပ်ရမည်ဆိုသည့် အဓိပ္ပာယ် ရှိပါသည်။ အောင်ကို အောင်မြင်ရမည်ဟု အဓိပ္ပာယ်ရှိသဖြင့် အမှန်တကယ်ပင် အောင်မြင်ပါလိမ့်မည်။

ဆိုကြပါစို့။ စာဖတ်သူတစ်ယောက်သည် အရေးကြီးသော job interview တစ်ခုကို ဝင်ရတော့မည် ဆိုပါစို့။ interview မတိုင်မီ မိမိကိုယ်မိမိ "I really want that job, I want the position." စသဖြင့် ပြောဆိုနေပြီး လိုအပ်သလို ပြင်ဆင်သွားသော်လည်း အခြားသော interviewee များသည်လည်း ထိုအလုပ်ကို လိုချင်ကြမှာပါပဲ။ ဒီတော့ ထိုအလုပ်ရဖို့ဆိုတာ အင်္ဂလိပ်လို‌တော့ Crapshoot ပေါ့နော်။ မြန်မာလိုတော့ ခေါင်းပန်းလှန်ရသလိုပေါ့။ ရချင်လည်း ရမည်၊ ရချင်မှလည်း ရမည်ပေါ့။

ဒါပေမဲ့ "I really need that job" လို့ ဆိုခဲ့ရင် ဒီအလုပ်ကို ရကိုရမှ ဖြစ်မှာဆိုတော့ သေသေချာချာ ပြင်ဆင်ပြီး interview မှာလည်း interviewer များ အထင်ကြီးအောင် ဖြေနိုင်မှာ သေချာပါတယ်။ need ဆိုတော့ ဒီအလုပ် မရလို့ မဖြစ်ဘူးပေါ့နော်။ မိမိရဲ့ အနာဂတ်အတွက်ရော၊ မိသားစုအတွက်ရော အမှန်တကယ် လိုအပ်နေပြီဆိုတော့ အစွမ်းကုန် ကြိုးစားမှာ သေချာတယ်။ ဒီတော့ အလုပ်ရဖို့ သေချာပြီပေါ့နော်။ ဘဝမှာ အမှန်တကယ် အောင်မြင်လိုသူဟာ want ဆိုတဲ့ စကားလုံးကို need ဆိုတဲ့ စကားလုံးနဲ့ အစားထိုးနိုင်ဖို့ လိုပါသည်။
မြန်မာအများစု မျက်စိလည်တတ်သေးတဲ့ စကားလုံးနှစ်ခု ရှိပါသေးသည်။ Reality နှင့် perception ဆိုတဲ့ ဝေါဟာရလေး နှစ်ခုပါ။ ဘဝမှာ အောင်မြင်လိုသူဟာ reality တစ်ခုတည်းကို အားကိုး၍ မရပါ။ perception ကိုပါ အရေးထားရန် လိုပါသည်။

စာရေးသူ ငယ်ငယ်က ပြောလေ့ရှိပါသည်။ "I know who I am. I don't worry about what others think of me." ပြောသည့်အတိုင်းလည်း ဖြစ်သလိုနေ ဖြစ်သလို ဝတ်စားတတ်ပါသည်။ ကိုယ်က ရိုးသားရင် ပြီးတာပဲ၊ အခြားသူများ ထင်ချင်တာ ထင်ကြပါစေလို့ စိတ်ထား ရှိခဲ့ဖူးပါသည်။

စင်စစ် ပြုပြင်ပေးမဲ့သူ မရှိခဲ့ရင် ယခုလိုဘဝမှာ အဆင်ပြေဖို့ မမြင်ပါ။ အလုပ်အကိုင်ကောင်းကောင်း ရဖို့ထားတော့ လူရာဝင်ဖို့တောင် မမြင်ပါ။ ကံကောင်းထောက်မ၍ တစ်နေ့မှာတော့ စာရေးသူတို့၏ ဆရာမကြီး ဒေါ် EJ Ignangyi က ခေါ်ပြီး ဆုံးမပါသည်။ Professor ကြီးဆိုတော့ English လိုပဲ ပြောပါသည်။

"Myo Kyaw, look at yourself and look at your friend, Glen. See how he dresses and how he handles himself. He looks dignified. He's a real gentleman. You need to be more like him."

ယနေ့ထိ မှတ်မိပါသေးသည်။ ရင်ထဲမှာ အောင့်သက်သက်ဖြစ်သွားခဲ့သော်လည်း ရိုသေရသူဆိုတော့ ဆရာမကြီး ဆုံးမသည့်အတိုင်း လိုက်နာခဲ့ရပါသည်။ သပ်သပ်ရပ်ရပ် ဝတ်ဆင်လာရပါသည်။ အပြောအဆို၊ အနေအထိုင်ကိုလည်း ဂရုစိုက်ပြီး ပြုပြင်လာရပါသည်။ ထို့ကြောင့်လည်း အထိုက်အလျောက် အောင်မြင်မှု ရခဲ့ပါသည်။ ဆရာမကြီးရဲ့ ကျေးဇူးကို မမေ့နိုင်ပါ။

ဒီနေရာမှာ -
• Reality is who you are, your character and your inner self.
• Perception is how others see you, depending on your personality and how you choose to present yourself.

အရေးကြီးသောကြောင့် ရှင်းပြပါရစေဦး။ အချို့လူများသည် သဘောကောင်းပါသည်။ တစ်ဖက်သားကို ကူညီလိုတတ်ပါသည်။ သို့သော် အပြုံးအရယ်ကင်းပြီး ခပ်တင်းတင်း မျက်နှာထားတတ်သူမို့ မာနကြီးသူလိုလို၊ စိတ်သဘောထား ပုပ်သူ (A mean person) ဟု အများက သိထားတတ်ပါသည်။ ဒီတော့ ပြုံးရယ်တတ်ဖို့ လိုပါသည်။ စိတ်ထဲမှာ သဘောကောင်းနေရုံနှင့် မလုံလောက်ပါ။

သိထားဖို့က -
"Perception is in many instances just as important as reality, and under some circumstances may be even more important."
စာရေးသူ တစ်ခါက ရေးဖူးသလိုပေါ့နော်။

"A smile can open many doors. A smile can make you seem confident and friendly even though inside you may be feeling insecure and shy. A smile can turn an enemy into a friend and a would-be assassin into a loyal follower who will follow you to death."

အရေးကြီးဆုံးကတော့ မိမိရဲ့ Reality နဲ့ သင့်တော်တဲ့ demeanor ရှိနေဖို့ပါပဲ။ မိန်းကလေးများအတွက် ပိုတောင် အရေးကြီးပါသေးတယ်။ ကိုယ်က ဣန္ဒြေရှင်တစ်ယောက် ဖြစ်ပါလျက်နဲ့ ခပ်ပေါ့ပေါ့၊ ခပ်ကဲကဲပုံစံ ပေါက်နေခဲ့ရင် လူများအထင်သေးတာ ခံရပါလိမ့်မယ်။

ဒီတော့ မိမိရဲ့ ဝေါဟာရများအနက်မှ want ဆိုတာကို need နဲ့ အစားထိုးပါ။ reality တွင်သာမက perception ကိုပါ အလေးထားပြီး ဂရုစိုက်ပါ။ သေချာ ပေါက်မြောက်အောင်မြင်လာပါလိမ့်မယ်လို့ ပြောရင်း နားပါဦးမည်။

Address

7223 Baird Avenue
Canoga Park, CA
91335

Alerts

Be the first to know and let us send you an email when Myanmar Gazette posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Gazette:

Shortcuts

Share