11/25/2023
"ခံယူချက်တွေ ဘာကြောင့်အရေးကြီးတာလဲ"
ခံယူချက်တွေ လူအများစုမှာ ရှိကြပါတယ်။ တချို့က ငါဘယ်လိုလူဖြစ်ရမယ်၊ ဘယ်လိုတန်ဖိုးတွေနဲ့ နေမယ်၊ အစွမ်းကုန်ရိုးသားမယ်၊ ငွေက ငါ့အတွက်အရာရာပဲ၊ ငါ့အကျိုးပဲ ငါကြည့်မယ် စတဲ့ ခံယူချက်အမြင်တွေနဲ့ ဘဝမှာ နေကြတယ်။
မှားယွင်းတဲ့ ခံယူချက်တွေနဲ့ မှန်ကန်ပြီး သင့်တော်တဲ့ခံယူချက်တွေကြောင့် လူတွေမှာ ဘဝတွေအမျိုးမျိုးကွာခြားသွားတယ်။ တချို့က သူတို့ရဲ့ အတွေးအမြင်အပေါ် မူတည်ပြီး တန်ဖိုးတွေကို သတ်မှတ်ကြတယ်။တချို့ကတော့ သူတို့သက်တမ်းတစ်လျှောက်ကြုံတွေ့ခဲ့ရတာတွေအပေါ် မူတည်ပြီး ရွေးချယ်ကြတယ်။ တချို့က သင်ကြားလေ့လာရမှုအပေါ် အမှီပြုပြီး ဘာကိုအမှန်တရားအဖြစ်ကျင့်သုံးရမလဲဆိုတာကို ကြည့်ပြီးရွေးကြတယ်။ကိုယ့်အတွက် လမ်းညွှန်အဖြစ် ကိုယ်နှစ်သက်ရာကို ကိုယ့်အပေါ်လွှမ်းမိုးသူတွေရဲ့ အမြင်တွေအရ ဆုံးဖြတ်ကြတယ်။
ဘယ်လိုပဲ ဖြစ်ပါစေ ခံယူချက်တွေ မရှိလို့တော့ မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ တန်ဖိုးထားမှုတွေက
ခိုင်မာရင် ခိုင်မာသလောက် ကိုယ့်ကို လမ်းမှားမရောက်အောင် တည့်မတ်ပေးနိုင်လို့ပါပဲ။ဒါပေမယ့် မှန်ကန်တဲ့
အရာတွေကိုသာ ရွေးချယ်ဖို့ကြိုးစားသင့်တယ်။
ရိုးသားမှု၊ ကူညီတက်မှု၊ အသိပညာကြီးမားမှုတွေဟာ တန်ဖိုးကြီးတာ အားလုံးသိကြပေမယ့် ကျွန်တော်တို့
ဘာလို့ မှားယွင်းစွာ အသက်မွေးမှုတွေကို လုပ်နေမိကြတာလဲ။ စည်းကမ်းရှိခြင်းဟာ လူကိုအကျိုးပေးတာ သိပေမယ့် ဘာလို့ ဖြစ်ကတက်စမ်း ရည်ရွယ်ချက်မရှိ၊
ဖရိုဖရဲ နေတက်ကြတာလဲ။ ကြင်နာသနားခြင်းဟာ တခြားသူတွေကို ပျော်ရွှင်စေရုံသာမက ကိုယ့်ကိုပါ
ကြည်နူးစေတယ်ဆိုတာသိပေမယ့် ဘာကြောင့်များ
ကိုယ့်ပတ်ဝန်းကျင်က အကူအညီလိုအပ်နေသူတွေကို ကိုယ်တက်နိုင်သလောက် ကူညီဖို့ မေ့လျော့နေတက်ကြတာလဲ။
မှားယွင်းတဲ့ အမြင်တွေနဲ့ နေထိုင်ခြင်း ဒါမှမဟုတ်
ကိုယ်မက်မောလောက်တဲ့ အပေါ်ယံသာယာမှုတွေနဲ့ ဆွဲဆောင်ခံရတဲ့အခါ အထက်ကပြောတဲ့ ခံယူချက်ကောင်းတွေကို ဆက်လက်ကိုင်စွဲမရှိရခြင်းရဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ။ ဒီအချက်ကို ကျွန်တော်တို့ အသေအချာစဥ်းစားရပါမယ်။
ဘာကြောင့်လဲဆိုတာတွေများစွာထဲက အကြောင်းအရင်းတစ်ခုက ကိုယ့်ကိုယ်ကိုယ် ရိုးသားလွန်းသူ၊ ပညာပြည့်ဝသူ၊ ကိုယ်ကျင့်သီလကောင်းသူလို့ သတ်မှတ်ထားတယ်ဆိုတာဟာ အချိန်တစ်ခုမှာ ယိုင်လဲပြီး စိတ်ခံစားချက်အလျောက်အမှားမှားအယွင်းယွင်းတွေ လုပ်မိနိုင်ချေများလို့ပါပဲ။
Friedrich Nietzsche က လူဟာ သူဘဝအပေါ်အခြေခံပြီးတော့ ဖြစ်ဖြစ် အသိပညာအပေါ် အခြေခံပြီးတော့ပဲ ဖြစ်ဖြစ် သတ်မှတ်လိုက်တဲ့ခံယူချက်တွေထက် ပိုပြီးကြီးမြတ်သင့်တယ်လို့ဆိုတယ်။ ဒီအချက်ကို ဆရာမင်းခက်ရဲရဲ့ နိရှေးစာအုပ်မှာ ဖော်ပြထားတယ်။
ဒီလို ရှင်သန်ကြီးပြင်းလာတဲ့အတွေ့အကြုံတွေအပေါ်၊ အသိပညာအပေါ် အမှီပြုပြီး ခံယူချက်တွေကို မသတ်မှတ်နဲ့ဆိုတဲ့ သူ့အမြင်က ကျွန်တော်တို့လိုသာမန်လူတွေအတွက် လက်လှမ်းမမှီဘူးဆိုရင်တောင် ကိုယ့်ခံယူချက်တွေနဲ့ ပတ်သတ်လို့ အလေးအနက်ထားသင့်တာ၊
စူးစူးစိုက်စိုက်လေ့လာသင့်တာတော့ အမှန်ပါပဲ။
မှန်ကန်တဲ့ခံယူချက်တွေရှိဖို့က လွယ်တယ်။ ဘာဟာ ငါ့ဘဝရဲ့ တန်ဖိုးဆိုပြီး ကောက်ထားလိုက်လို့ရတယ်။ ဒါပေမယ့် ခက်တာက ဘယ်အချိန်ပဲ ဖြစ်ဖြစ်၊ ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ် မပြောင်းလဲဖို့ပဲ။ နောက်အရေးကြီးတာက ကိုယ့်အတွေ့အကြုံအပေါ် မူတည်ပြီး ခံယူချက်ချမှတ်မယ့်အချိန်မှာ စိတ်ခံချက်တွေအလျောက် ၊ ဒေါသတွေ၊ မုန်းတီးမှုတွေအလျောက်
သတ်မှတ်မိရင် တစ်သက်လုံး ကိုယ်လုပ်တဲ့အလုပ်တွေဟာ အမှားတွေဖြစ်သွားနိုင်တယ်။နောင်တရစရာတွေ ဖြစ်တက်တယ်။
"ကောင်းကောင်းနေချင်ရင် ကောင်းကောင်းနေ၊ ကောင်းကောင်းမနေချင်ရင် ကောင်းကောင်းမနေနဲ့ "ဆိုတဲ့စကားရှိတယ်။ ကောင်းတဲ့ဘဝကို လိုချင်ရင်ကောင်းအောင်ကြိုးစားပြီးနေရမယ်။ မကောင်းတဲ့ဘဝကို ရချင်ရင်တော့ မကောင်းတာတွေလုပ်ပေါ့ တစ်နည်းဆိုရရင် ကောင်းကောင်းမနေနဲ့ပေါ့။
ဒီမှာ ဖြည့်စွက်စရာရှိတာက ကောင်းကောင်းနေဖို့အထိန်းအကွပ်ဟာ စံတွေပဲ။ စံတွေကို သင်ကြားမှုတွေအရ သတ်မှတ်တာဟာ သိပ်မခိုင်မာဘူး။ လူတစ်ယောက်ဟာ မီးဆိုတာ ပူတယ်လို့ကြားဖူးလို့မီးကိုရှောင်တာထက် ကိုယ်တိုင်မီးကို ကိုင်မိဖူးလို့ မီးကိုရှောင်တာက ပိုစွဲမြဲတယ်။
ဆိုလိုတာက အတွေ့အကြုံတွေကြောင့်ရတဲ့ သင်ခန်းစာတွေက ပိုပြီးဘဝအတွက် ခိုင်မာတယ်။အထက်မှာဆိုသလို အရေးကြီးတာက အဲ့လို သင်စားယူချိန်မှာ သတ်မှတ်လိုက်တဲ့ တန်ဖိုးတွေကို ရင့်ကျက်စွာ
ရွေးချယ်နိုင်ပဲ။ အသိဥာဏ်ရှိစွာ ဆုံးဖြတ်နိုင်ဖို့ပါပဲ။ ဒါမှသာ မှန်ကန်တဲ့ အမြင်တွေနဲ့ ရှင်သန်နိုင်မယ်။ ကိုယ့်ကိုယ်ကိုယ် ပိုတိုးတက်အောင် သင်ယူရာလည်းရောက်မှာ ဖြစ်ပါတယ်။
Credit to Owner