12/21/2025
သူ့ရဲ့Tay ဆုံးမှုကို ကိုယ်တိုင် မှတ်တမ်းတင်သွားခဲ့သူ
သိပ္ပံပညာရှင်တစ်ဦးအတွက် "သိလိုစိတ်" ဆိုတာ ဘယ်လောက်အထိ တန်ဖိုးရှိနိုင်သလဲ။ တချို့အတွက်တော့ အဲဒီသိလိုစိတ်ဟာ သူတို့ရဲ့ အသက်ထက်တောင် ပိုပြီးတန်ဖိုးရှိနိုင်ပါတယ်။
ဒီလို မယုံနိုင်စရာကောင်းတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းရဲ့ ပိုင်ရှင်ကတော့ အမေရိကန်နိုင်ငံရဲ့ ထိပ်တန်း တိရစ္ဆာန်ဗေဒပညာရှင် တယောက်ဖြစ်တဲ့ Karl Patterson Schmidt ပဲ ဖြစ်ပါတယ်။
၁၉၅၇ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့မှာ Karl Schmidt ဟာ ချီကာဂိုမြို့က Field Museum မှာ အလုပ်ရှုပ်နေပါတယ်။ Lincoln Park တိရစ္ဆာန်ရုံက သူ့ဆီကို ပို့ဆောင်လာတဲ့ မြွေတစ်ကောင်ကို သူ စစ်ဆေးလေ့လာနေခဲ့ပါတယ်။
မြွေက အကောင်ပေါက်လေး (Juvenile) သာရှိသေးပြီး အရောင်အသွေးကလည်း ခွဲခြားရခက်နေပါတယ်။ သူက ဒါကို အာဖရိကတိုက်က Boomslang (ဘွန်းစလန်းမြွေ) လို့ သံသယရှိပေမယ့် အကောင်သေးလေးမို့ အန္တရာယ်မရှိလောက်ဘူးလို့ ပေါ့ပေါ့ဆဆ ယူဆခဲ့မိပါတယ်။
သူ့ရဲ့ တသက်တာအတွေ့အကြုံအပေါ် ယုံကြည်မှုအပြည့်နဲ့ Schmidt ဟာ မြွေကို ကိုင်တွယ်စစ်ဆေးနေတုန်း မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
မြွေဟာ မျက်စိတစ်မှိတ်အတွင်းမှာ သူ့ရဲ့ ဘယ်ဘက်လက်မ ကို လှည့်ပေါက်လိုက်ပါတယ်။ သွေးစို့ရုံ ဒဏ်ရာလေးတစ်ခုသာ ရခဲ့ပါတယ်။
ဒီနေရာမှာ Schmidt ရဲ့ ကံကြမ္မာ အလှည့်အပြောင်း စတင်ပါတော့တယ်။ သူဟာ ဆေးရုံမသွားပါဘူး။
အဲဒီခေတ်က Boomslang မြွေအဆိပ်ဟာ လူကိုTay စေနိုင်တယ်လို့ မယူဆထားကြသလို မြွေကလည်း အကောင်ပေါက်လေးမို့ အဆိပ်မရှိလောက်ဘူးလို့ သူ ယုံကြည်ခဲ့လို့ ဖြစ်ပါတယ်။
ဒါကြောင့် သူဟာ ဒီအကိုက်ခံရမှုကို "စိတ်ဝင်စားစရာ အတွေ့အကြုံတစ်ခု" အဖြစ်သာ သတ်မှတ်ပြီး မြွေဆိပ်ရဲ့ သက်ရောက်မှုကို သူ့ကိုယ်သူ စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သူဟာ အိမ်ပြန်တဲ့ ရထားပေါ်မှာ သူ့ရဲ့ "Tay မင်းမှတ်တမ်း" ကို စတင်ရေးသားခဲ့ပါတယ်။
စက်တင်ဘာ ၂၅၊ ညနေ ၄:၃၀ - ၅:၃၀: "ပျို့အန်ချင်သလို ခံစားရတယ်။ ဒါပေမဲ့ အန်တော့မအန်ဘူး။ ရထားစီးပြီး မြို့ဆင်ခြေဖုံးက အိမ်ကို ပြန်ခဲ့တယ်။"
ညနေ ၅:၃၀ - ၆:၃၀: "ချမ်းတုန်လာတယ်။ အဖျားတက်လာတယ်။" ည ၉:၀၀: "သွားဖုံးတွေကနေ သွေးစယိုလာတယ်။"
သူဟာ ညစာစားပြီး အိပ်ရာဝင်ခဲ့ပါတယ်။ မနက်မိုးလင်းရင် ပျောက်သွားမယ်လို့ မျှော်လင့်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ မြွေဆိပ်ဟာ သူ့ခန္ဓာကိုယ်တစ်ခုလုံးက သွေးကြောစနစ်ကို ဖျက်ဆီးပစ်နေပြီ ဖြစ်ပါတယ်။
နောက်တစ်နေ့မနက် (စက်တင်ဘာ ၂၆) မှာတော့ အခြေအနေက ဆိုးရွားလာပါတယ်။
မနက် ၆:၃၀: "ဆီးသွားတဲ့အခါ သွေးတွေပါလာတယ်။ နှာခေါင်းနဲ့ ပါးစပ်ကနေလည်း သွေးတွေ ယိုစီးကျလာတယ်။"
နေ့လယ် ၁:၃၀: "အစားစားပြီးတဲ့နောက် အန်တယ်။ နှာခေါင်း၊ သွားဖုံးနဲ့ အူလမ်းကြောင်းတွေကနေ သွေးထွက်လွန်နေတယ်။"
ဒီမှတ်တမ်းတွေကို သူဟာ သိပ္ပံပညာရှင်ပီပီ အလွန်တည်ငြိမ်စွာနဲ့ ရေးသားနေခဲ့တာပါ။ နေ့လယ်ပိုင်းမှာ သူ့မိန်းမကို ဖုန်းဆက်ပြီး "ငါ အဆင်ပြေပါတယ်" လို့ ပြောခဲ့ပါသေးတယ်။
ဒါပေမဲ့ ညနေ ၃ နာရီလောက်မှာတော့ သူ ရုတ်တရက် မူးလဲကျသွားခဲ့ပါတယ်။ ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ပေမယ့် အသက် ၆၇ နှစ်အရွယ် Karl Schmidt ဟာ ညနေပိုင်းမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။
ရင်ခွဲစစ်ဆေးချက်အရ သူဟာ ကိုယ်တွင်းကလီစာ အများအပြားနဲ့ အဆုတ်ထဲမှာ သွေးထွက်လွန်ပြီး Tay ဆုံးခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီမြွေဟာ တကယ့် Boomslang အစစ်ဖြစ်ပြီး သူ့ရဲ့အဆိပ်ဟာ သွေးမတိတ်အောင် ပြုလုပ်နိုင်စွမ်းရှိကြောင်း (Hemotoxic) ကို Schmidt ရဲ့ အသက်နဲ့ရင်းပြီးမှ ကမ္ဘာက လက်တွေ့သိရှိလိုက်ရပါတယ်။
Karl Patterson Schmidt ချန်ထားခဲ့တဲ့ "Tay စေနိုင်တဲ့ မြွေဆိပ်အကြောင်း ကိုယ်တိုင်ရေးမှတ်တမ်း" ဟာ ဆေးပညာလောကအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အချက်အလက်တွေ ဖြစ်လာခဲ့ပါတယ်။
ဒီမှတ်တမ်းဟာ Boomslang မြွေဆိပ်ဖြေဆေး တီထွင်နိုင်မှုမှာ အရေးပါခဲ့ပြီး နောက်ပိုင်းမှာ ဖြေဆေးကို တီထွင်နိုင်ခဲ့ကာ လူပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။
သူဟာ Tay ဆုံးချိန်အထိ ဘောပင်ကို မချဘဲ သိပ္ပံပညာအတွက် မှတ်တမ်းတင်ပေးသွားခဲ့တဲ့ စစ်မှန်တဲ့ ပညာရှင်ကြီးတစ်ဦးအဖြစ် သမိုင်းကျန်နေရစ်မှာ ဖြစ်ပါတယ်။