09/30/2025
အဆီပြန်တဲ့ အသားရေပိုင်ရှင်တွေသိထားသင့်တဲ့ မျက်နှာအဆီပြန်ခြင်းကို သက်သာစေမယ့် နည်းလမ်းတွေ
မျက်နှာအဆီပြန်ခြင်းကြောင့် စိတ်ညစ်နေရသူတိုင်းအတွက် မဖြစ်မနေသိထားသင့်တဲ့ အသားအရေထိန်းသိမ်းနည်းလမ်းကောင်းများ
နွေရာသီပဲဖြစ်ဖြစ်၊ ရာသီဥတုအနည်းငယ်ပူလာတာနဲ့ မျက်နှာပြင်မှာ အဆီပြန်ပြီး ပြန်လင်းနေတာမျိုး၊ မိတ်ကပ်တွေပျက်ပြီး ကြည့်မကောင်းဖြစ်ရတာမျိုး၊ အဆီကြောင့် ဝက်ခြံတွေထွက်လာတာမျိုးတွေနဲ့ စိတ်အနှောင့်အယှက်ဖြစ်ရတာမျိုး ကြုံဖူးကြမှာပါ။
မျက်နှာအဆီပြန်တာဟာ လူအများစုမှာ ဖြစ်လေ့ရှိတဲ့ အသားအရေပြဿနာတစ်ခုဆိုပေမယ့် မှန်ကန်တဲ့ ထိန်းသိမ်းမှုပုံစံလေးတွေနဲ့ဆိုရင် သက်သာပျောက်ကင်းအောင် ပြုလုပ်လို့ရပါတယ်။
ဒါကြောင့် ဒီနေ့မှာတော့ မျက်နှာအဆီပြန်ခြင်းကို ထိရောက်စွာ လျှော့ချပေးနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။
၁။ မှန်ကန်စွာ အစိုဓာတ်ဖြည့်ပေးပါ
အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေဟာ Moisturizer လိမ်းဖို့ မေ့လျော့တတ်ကြပါတယ်။ တကယ်တော့ အဆီပြန်တဲ့အသားအရေဟာလည်း အစိုဓာတ်လိုအပ်ပါတယ်။
အစိုဓာတ်မလုံလောက်တဲ့အခါ အသားအရေက လိုအပ်တဲ့အစိုဓာတ်ကို ဖြည့်တင်းဖို့အတွက် အဆီပိုထုတ်လုပ်တတ်တာကြောင့် ပိုပြီးအဆီပြန်တတ်ပါတယ်။
ဒါကြောင့် မျက်နှာသစ်ပြီးတိုင်း အဆီပါဝင်မှုနည်းတဲ့၊ ဂျယ်လ်အမျိုးအစား (Oil-free/Non-comedogenic) Moisturizer မျိုးကို ပါးပါးလေးလိမ်းပေးဖို့ အရေးကြီးပါတယ်။ အများကြီးလိမ်းတာကတော့ အဆီပြန်တာကို ပိုဆိုးစေနိုင်ပါတယ်။
၂။ Clay Mask လေးတွေကပ်ပါ
ရွှံ့စေး (Clay) နဲ့ပြုလုပ်ထားတဲ့ မျက်နှာပေါင်းတင် Mask တွေဟာ မျက်နှာပေါ်က ပိုလျှံနေတဲ့အဆီတွေကို စုပ်ယူပေးပြီး ချွေးပေါက်အတွင်းက အညစ်အကြေး၊ မကောင်းတဲ့ဆဲလ်တွေနဲ့ အမဲစက်တွေကို ဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။
ဒါကြောင့် တစ်ပတ်ကို (၁) ကြိမ်မှ (၂) ကြိမ်ခန့် Clay Mask ကပ်ပေးသင့်ပါတယ်။ Mask ကပ်တဲ့အခါ အချိန်ကြာကြာထားတာမျိုး၊ ကပ်ပြီးအိပ်တာမျိုးတော့ ရှောင်သင့်ပါတယ်။ ၁၅ မိနစ်မှ မိနစ် ၂၀ လောက်သာ ထားပြီး ရေဆေးချတာက အသင့်တော်ဆုံးနဲ့ အထိရောက်ဆုံးဖြစ်ပါတယ်။
၃။ သင့်တော်တဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်ပါ
အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် မျက်နှာသစ်ဆေး ရွေးချယ်မှုက အထူးအရေးကြီးပါတယ်။
ဆပ်ပြာပြင်းတဲ့ မျက်နှာသစ်ဆေးတွေ၊ သာမန်ဆပ်ပြာတုံးတွေနဲ့ မျက်နှာသစ်တာမျိုးက သင့်မျက်နှာပေါ်က သဘာဝအဆီဓာတ်တွေကို လွန်ကဲစွာ ဖယ်ရှားလိုက်တာကြောင့် အသားအရေက ပြန်လည်ပြီး အဆီပိုထုတ်လုပ်စေကာ ပိုပြီးအဆီပြန်တတ်ပါတယ်။
ဒါကြောင့် အဆီပြန်ခြင်းကို ထိန်းချုပ်ပေးနိုင်တဲ့၊ ချွေးပေါက်ပိတ်ဆို့မှုကို သက်သာစေတဲ့၊ Sulfate-free အမျိုးအစား မျက်နှာသစ်ဆေး (Oil-control cleanser) မျိုးကို ရွေးချယ်အသုံးပြုသင့်ပါတယ်။
ဒီနည်းလမ်းလေးတွေကို ပုံမှန်လိုက်နာမယ်ဆိုရင် မျက်နှာအဆီပြန်တဲ့ ပြဿနာကနေ ကင်းဝေးပြီး ကြည်လင်ဝင်းပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်