
06/15/2023
💐
" လာမယ့် ဇွန် ၁၉ မှာ နိုင်ငံလုံးကျွတ် ပန်းသပိတ်ဆင်နွှဲကြပါစို့။ ကျနော်တို့တွေ အဲ့ဒီနေ့မှာ ဘုရားပန်းအိုး အသစ်တင်ကြမယ်၊ အိမ်တွင်းအိမ်ပြင်၊ အိမ်ရှေ့တိုင်းမှာ ပန်းတွေထိုးကြမယ်၊ ဆင်ကြမယ်။ ပန်းအလှတွေ ချိတ်ဆွဲပြင်ဆင်ကြမယ်။ Online ကော Off-line မှာပါ ပန်းသပိတ်ကမ်ပိန်း ဆောင်ရွက်ကြမယ်ဗျာ။
လမ်းမထက်မှာ နိစ္စဓူဝ လှုပ်ရှားသွားလာကြမယ့် အမျိုးသမီး၊ အမျိုးသား ပြည်သူအားလုံးကလည်း ပန်းပန်ကြမယ်၊ ရင်ဘတ်မှာ ပန်းထိုးကြမယ်ဗျာ။ ပန်းနဲ့ပတ်သက်ဆက်နွယ်တဲ့ လှုပ်ရှားမှုမျိုးစုံကို မိမိတို့ ဉာဏ်ရှိသလို ဆန်းသစ် တီထွင် ကွန့်မြူးပြီး ဖော်ဆောင်ကြမယ်ဗျာ။ ပန်းအမျိုးအစားကိုတော့ ကန့်သတ်မထားပါဘူး။ မိမိတို့နှစ်သက်ရာ၊ အဆင်ပြေရာ၊ လက်လှမ်းမီရာ ပန်းကို အသုံးပြုနိုင်ကြပါတယ်ဗျာ။ "
“ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ”
အခုလာမယ့် (ဇွန်လ၊ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်) ဟာ အဓမ္မ ဖမ်းဆီးခံထားရတဲ့၊ ပြည်သူအများ မြတ်နိုး လေးစား တန်ဖိုးထားရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၇၈) နှစ်ပြည့် မွေးနေ့ချိန်ခါ ဖြစ်ပါတယ်။
အဲ့ဒီနေ့မှာ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အဓမ္မ ဖမ်းဆီးခံထားရတဲ့ သောင်းနဲ့ချီတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူ နိုင်ငံရေးအကျဥ်းသားများကို ဂုဏ်ပြုလေးစား၊ အောက်မေ့သောအားဖြင့်လည်းကောင်း၊ တော်လှန်ရေးသမိုင်းအဆက်ဆက် ကျရာကဏ္ဍကနေ တာဝန်ကျေပွန်စွာ ထမ်းရွက်နေကြတဲ့ အမျိုးသမီးထုရဲ့ ဂုဏ်ရည်ကို ဖော်ညွှန်းသောအားဖြင့်လည်းကောင်း ကျွန်တော်တို့ ပြည်သူလူထုအားလုံးက ပန်းသပိတ်လူထုလှုပ်ရှားမှုကြီးကို နိုင်ငံလုံးကျွတ် ဖော်ဆောင်၊ ဆင်နွှဲကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
ဒီပန်းသပိတ်လှုပ်ရှားမှုရဲ့ အဓိပ္ပာယ်က ကျနော်တို့လူထုက ဒီစစ်အာဏာရူးတွေရဲ့ ရက်စက်ယုတ်မာ အကြမ်းဖက်မှုတွေကြောင့် ကြောက်ရွံ့၊ သွေးပျက်၊ ချောက်ခြားပြီး တော်လှန်ရေးမှာ နောက်ဆုတ်သွားမှာ မဟုတ်ဘူး၊ ဇွဲလျော့သွားမှာ မဟုတ်ဘူး၊ သွေးအေးသွားမှာ မဟုတ်ဘူး။ ကျနော်တို့ဟာ စစ်မိစ္ဆာတွေကို ဆက်လက်ပြီးတော့ အစွန်းကုန် ရင်ဆိုင်တိုက်ပွဲဝင်သွားကြမှာ ဖြစ်တယ်။ ကြောက်သွားမှာ မဟုတ်ဘူး၊ ကျနော်တို့ ပြည်သူတွေဟာ ဘယ်လောက်ပဲ ဒုက္ခဆင်းရဲမျိုးစုံကို ခံနေရပါစေ၊ အာဏာရူးကို မောင်းထုတ်ဖို့အတွက်ဆို ကြံ့ကြံ့ခံလျက်ပဲ၊ ပန်းပန်လျက်ပဲဆိုတာကို ဖော်ညွှန်းခြင်းပဲ ဖြစ်ပါတယ်။
နောက်ထပ် အဓိပ္ပာယ်တစ်ခုကတော့ ဇွန် ၁၉ ရက် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်ကို ကမ္ဘာကရော ၊ ကျနော်တို့မြန်မာပြည်သူတွေကပါ ပန်းနဲ့တွဲပြီး ရှုမြင်တတ်ကြတယ်မို့လား။
ဇွန် ၁၉ မှာ ပန်းသပိတ်လှုပ်ရှားမှုအပြင် အနုပညာရှင်တွေ၊ Social Influencers တွေကလည်း လူထုကို ဖျော်ဖြေတင်ဆက်မှုအချို့ ပြုကြမယ်လို့ သိရပါတယ်။ အထူးသဖြင့် ခွန်အားဖြည့် မိငယ်၊ သွေးမုန်တိုင်း၊ အရေးကြီးပြီ အစရှိတဲ့ တော်လှန်အားဖြည့် သီချင်းတွေကို ဆိုကြ၊ တီးကြမှာပါ။
ဒါ့ကြောင့် ကျနော်တို့တွေ လာမယ့် ဇွန် ၁၉ မှာ နိုင်ငံလုံးကျွတ် ပန်းသပိတ်ဆင်နွှဲကြပါစို့။ ကျနော်တို့တွေ အဲ့ဒီနေ့မှာ ဘုရားပန်းအိုး အသစ်တင်ကြမယ်၊ အိမ်တွင်းအိမ်ပြင်၊ အိမ်ရှေ့တိုင်းမှာ ပန်းတွေထိုးကြမယ်၊ ဆင်ကြမယ်။ ပန်းအလှတွေ ချိတ်ဆွဲပြင်ဆင်ကြမယ်။ Online ကော Off-line မှာပါ ပန်းသပိတ်ကမ်ပိန်း ဆောင်ရွက်ကြမယ်ဗျာ။
လမ်းမထက်မှာ နိစ္စဓူဝ လှုပ်ရှားသွားလာကြမယ့် အမျိုးသမီး၊ အမျိုးသား ပြည်သူအားလုံးကလည်း ပန်းပန်ကြမယ်၊ ရင်ဘတ်မှာ ပန်းထိုးကြမယ်ဗျာ။ ပန်းနဲ့ပတ်သက်ဆက်နွယ်တဲ့ လှုပ်ရှားမှုမျိုးစုံကို မိမိတို့ ဉာဏ်ရှိသလို ဆန်းသစ် တီထွင် ကွန့်မြူးပြီး ဖော်ဆောင်ကြမယ်ဗျာ။ ပန်းအမျိုးအစားကိုတော့ ကန့်သတ်မထားပါဘူး။ မိမိတို့နှစ်သက်ရာ၊ အဆင်ပြေရာ၊ လက်လှမ်းမီရာ ပန်းကို အသုံးပြုနိုင်ကြပါတယ်ဗျာ။
လက်နက်အားကိုး ဗိုလ်ကျချင်တဲ့ ဖက်ဆစ်အာဏာရူးတွေက ဓားရေးတွေ ဘယ်လောက်ပဲပြပြ ကျနော်တို့ လူထုတော်လှန်ခြင်းရဲ့ ပန်းတွေကတော့ ဖွေးဖွေးလှုပ်အောင် ဆက်လက် ပွင့်နေမှာဖြစ်ကြောင်းကို လာမယ့် ဇွန် ၁၉ မှာ တစ်နိုင်ငံလုံး အုံးအုံးကြွကြွ သက်သေပြလိုက်ကြပါစို့။
#၁၉ဇွန်_ပန်းသပိတ်