12/28/2025
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနေ့မှာတမူးတွင် တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့
==================
ဒီဇင်ဘာ ၂၈၊ ၂၀၂၅။
Zalen
စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲပြုလုပ်နေချိန်တွင် တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့တယ်လို့ သတင်းအရင်းအမြစ်များဆီက သိရပါတယ်။
ယနေ့ဒီဇင်ဘာလ ၂၈ ရက်နေ့ စစ်ကောင်စီက ရွေးကောက်ပွဲပြုလုပ်နေတဲ့ အချိန် မနက် ၉နာရီခန့်က တမူးမြို့ရှောင်လမ်း အိန္ဒိယနယ်စပ်လမ်းတစ်နေရာမှာ အခုလို တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
" တိုက်ပွဲဖြစ်တာကဟုတ်ပါတယ်။ မြို့ရှောင်လမ်းဘက်တစ် နေရာပါ။ မြို့ထဲကနေလည်း ကြားရတယ်။ မြို့ထဲမှာလည်း ဗုံးတစ်လုံးကွဲတယ်ကြားတယ်။ နေရာအတိအကျတော့မသိဘူးဗျ။" လို့ သတင်းအရင်းအမြစ်တစ်ဦးက Zalen ကိုပြောပါတယ်။
အခုလိုစစ်ကောင်စီက ရွေးကောက်ပွဲပြုလုပ်နေတဲ့တစ်ချိန်ထဲမှာဘဲ တိုက်ပွဲဖော်ဆောင်တာဟာ စစ်ကောင်စီပြုလုပ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ ဖော်ဆောင်တာဖြစ်နိုင်တယ်လို့ ဒေသခံအချို့က သုံးသပ်နေကြပါတယ်။
ယနေ့မှာပြုလုပ်နေတဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာ ဖိအားပေးခြိမ်းခြောက်မှုရှိနေပေမယ့် တမူးမြို့ မဲရုံအချို့မှာ ယခု ၁၂ နာရီထိ လာရောက်ဆန္ဒမဲပေးသူနည်းပါးနေသေးတယ်လို့သိရပါတယ်။
" ဆန္ဒမဲသွားပေးသူကတော့ ကျွန်တော်သိသလောက်တော့နည်းနေသေးတယ်။ မဲရုံအားလုံးတော့မဟုတ်ဘူးပေါ့နော်။" လို့ တမူးမြို့ခံတစ်ဦးက Zalen ကိုပြောပါတယ်။
တမူးမြို့တွင် စစ်ကောင်စီကပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဒေသခံပြည်သူ မဲဆန္ဒရှင်များကို မဲဆန္ဒမပေးမနေရဆိုပြီး ခြိမ်းခြောက်မှုတွေလည်းရှိတယ်လို့လည်း သိရပါတယ်။
သတင်း - တမူးနွေဦး
Ref: Zalen