
09/04/2025
သူတော်ကောင်းစိတ်ထား
---------------------------
မောင်ကျော်စွာ ကျွန်တော့်ထံလာပြီး အင်တာနက်သုံးနေသည်။
ကျွန်တော်က အင်တာနက် Box လေးတစ်ခုဝယ်ထားပြီး တစ်လလျှင် ကျပ်ငွေ တစ်သောင်းနှုန်း ပေးသုံး နေသည်။ သူက အားလပ်ချိန်များတွင် ကျွန်တော့်ထံလာပြီး လိုင်းသုံးသည်။ လိုင်းက အကောင်းကြီးတော့ မဟုတ်။ သို့သော် ၃ ရက် တစ်သောင်းနှုန်းပေးကာ သုံးနေရတာထက် တန်သည်ဆိုပြီး သုံးနေခြင်းဖြစ်သည်။
“ဆရာရေ Facebook ပေါ်မှာလည်း အတော်လေး အာရုံနောက်စရာ တွေ မြင်နေရတယ်” ဟု ဖုန်းကို ကြည့်နေ ရာမှပြောလိုက်သည်။ ကျွန်တော်က စာဖတ်နေရာမှာ စာအုပ်ကို ချလိုက်ပြီး
“မောင်ကျော်စွာ မင်းကို ဘယ်သူက အတင်းကြည့်ခိုင်းနေလို့လဲကွယ်”
“ကြည့်မိတော့လည်း မြင်နေရတာပေါ့ဆရာ”
“မြင်နေပေမယ့် ကျော်သွားလည်း ရတာပဲကွယ်။ မကြည့်ချင်ကျော်လိုက်၊ မမြင်ချင် ကျော်လိုက်လို့ ရတာပဲ။ ဘာဖြစ်လို့ အကုသိုလ်အဖြစ်ခံနေသလဲ။ ကိုယ့်အတွက် အကျိုးဖြစ်မှာကိုပဲဖတ်ပေါ့”
“စိတ်ပျက်စရာတွေ ဆရာ့ကို ပြဦးမယ် … လူတွေ မယောင်ရာ ဆီလူးနေကြတာ”
“မပြပါနဲ့ကွာ။ ငါက Facebook ပေါ် စာရေးပြီး Google ထဲ ဖတ်ချင်တာ ဖတ်တာပါ။ နေဦး မင်းကို ငါပြစရာ တစ်ခုရှိတယ်”
ကျွန်တော်က ကျွန်တော့်ဖုန်းထဲတွင် မနက်ပိုင်းက Save ထားသည့် သတင်းလေးတစ်ပုဒ်နှင့် ပုံတစ်ပုံအား သူ့ကို ပြလိုက်သည်။
“ဘာတဲ့လဲဆရာ”
“ဖတ်ကြည့်လေကွာ”
“ဆရာရယ် အင်္ဂလိပ်လိုကြီးဆိုတော့ ဖတ်ရတာ ခက်ပါတယ်။ ဆရာပဲ ရှင်းပြပါ”
“အလွယ်တော့ မရှင်းပြနိုင်ဘူးကွာ။ ဖတ်ကြည့်လိုက်။ နားမလည်မှ ရှင်းပြမယ်”
ကျွန်တော်က သူ့လက်ထဲကို ဖုန်းပေးလိုက်သည်။ သူက ဖုန်းကိုယူပြီး စာကိုဖတ်သည်။
“ကျွန်တော်နားလည်လိုက်တာကတော့ လက်တစ်ဖက်မရှိတဲ့ ရာကက်ဆိုတဲ့သူက စာအုပ်ငှားတယ် ဆိုတာလောက်ပဲ နားလည်ပါတယ်ဆရာ”
“ဟုတ်ပြီ အဲဒီလောက်နားလည်ရင် မဆိုးပါဘူး။ ဟုတ်တယ် ပုံထဲမှာ စာအုပ်ပုံကြီးကြားမှာ ထိုင်နေတဲ့သူဟာ ရာကက်ရှ်လို့ခေါ်တယ်။ သူက မွန်ဘိုင်းမြို့မှာရှိတဲ့ အန်ဒရီဆိုတဲ့ ရပ်ကွက်လေးမှာ အစာအုပ်အဟောင်းရောင်း တယ်။ သူရောင်းတဲ့ စာအုပ်တွေကြည့်လိုက် အင်္ဂလိပ်စာအုပ်တွေချည်းပဲ။ အိန္ဒိယသားတွေ အင်္ဂလိပ်စာကို ဘယ်လောက် လေ့လာဖတ်နေကြသလဲဆိုတာ အဲဒီမှာတွေ့ရလိမ့်မယ်”
“ဟုတ်တယ်နော်ဆရာ … သူတို့က အင်္ဂလိပ်စာမှာအတော်လေး ကောင်းတယ်”
“အင်္ဂလိပ်လက်အောက်မှာ ကျွန်ဖြစ်ခဲ့တာချင်း အတူတူ သူတို့ တတွေဟာ အင်္ဂလိပ်စာမှာလည်း ကောင်းသလို၊ အင်ဂျင်နီယာ၊ အိုင်တီပညာတွေမှာလည်း ကမ္ဘာကို လွှမ်းနိုင် လောက်အောင် တော်တဲ့သူတွေကို မွေးထုတ်ပေးနေပြီကွ”
“ဆရာ အဲဒီပုံထဲက ရာကက်ရှ်ကို ဘာဖြစ်လို့ပြတာလဲဟင်”
“မင်းတွေးနိုင်အောင်ပါ။ ရာကက်ရှ်ဟာ စာအုပ်ရောင်းတာတင်မကဘူးကွ။ စာအုပ်လည်း ငှားပေးတယ်။ သူ့ဆီက စာအုပ်တစ်အုပ်ငှားရင် ၁၀ ရူပီးပဲယူတယ်”
“၁၀ ရူပီးဆိုတော့ မြန်မာငွေနဲ့ ဘယ်လောက်လဲဆရာ”
“တစ်ရူပီးကို ၂၅ ကျပ်လောက်ဆိုတော ၂၅၀ လောက်ရှိမှာပေါ့။ စာအုပ်တစ်ခါငှားခက တို့ဆီက လက်ဖက်ရည် တစ်ခွက်ဖိုးတောင် မရှိတဲ့ သဘောပဲ။ သူတို့ဆီမှာ ရူပီးဆိုတာကလည်း ပြားသဘောလောက် သုံးနေကြတော့ ဈေးပေါ့မယ့်ပုံပေါ့”
“အီကြာကွေးတစ်ခြမ်းတောင် ၂၅၀ မရပါဘူးဆရာရယ်”
“ရာကက်ရှ်ကို သနားတဲ့သူတွေက လာပြီးတော့ ပိုက်ဆံတွေဘာတွေ ပေးကြတယ်ကွ။ လက်တစ်ဖက်ကလည်း မရှိ။ စာအုပ်ငှားခနဲ့ ရောင်းရတဲ့ ဝင်ငွေလေးနဲ့ မရပ်တည်နိုင်လို့ထင်ပါတယ်။ ဒါပေမဲ့ ရာကက်ရှ်က လက်မခံဘူးကွ သိလား။ စာဖတ်တဲ့သူဆိုတော့ ပညာမာနရှိတာပေါ့ကွယ်။ သူက သူ့ကို လာထောက်ပံ့တဲ့ သူတွေကို ဘာပြောသလဲ သိလား”
“ကျွန်တော် ဖတ်တော့ဖတ်တယ်ဆရာ နားမလည်လိုက်ဘူး”
“ကျွန်တော့်မှာ စားစရာတွေ စားပွဲပေါ်မှာ ရှိပါတယ်ဗျာ၊ ကျွန်တော့် အိမ်မှာလည်း ကျွန်တော် အေးချမ်းစွာ နေထိုင်နိုင်ပါတယ်တဲ့”
“သူက ပိုက်ဆံထောက်ပံ့တာကို လက်မခံဘူးပေါ့နော်”
“အဲဒီသဘောပဲ။ သူက လက်တစ်ဖက်မရှိပေမယ့် သူ့မှာ ကျန်တဲ့ လက်တစ်ဖက်ရှိသေးတယ်။ သူ့မှာ ဘာမှ ပစ္စည်းဥစ္စာ မချမ်းသာပေမယ့် စာအုပ်တွေ ချမ်းသာတယ်။ သူ့မှာ ချမ်းသာတဲ့ စာအုပ်တွေနဲ့ လူတွေကို စာဖတ် နိုင်အောင် လုပ်ပေးနေရတာကို သူက ဂုဏ်ယူနေတာ။ အဲဒါ ပညာတတ် စာဖတ်တဲ့သူတစ်ယောက်ရဲ့ ကိုယ်ချင်း စာတရားနဲ့ မာနပဲ။ အဲဒီမာနဆိုတာ သူများ ပေးစာကမ်းစာကိုရမှ ငါကောင်းကောင်းနေရမှာဆိုတဲ့ စိတ်ဓာတ် မဟုတ်ဘူး။ ငါ့မှာရှိတာနဲ့ ငါကောင်းကျိုးပြုနေတာ၊ မွန်မြတ်တာကို ငါလုပ်နေတာဆိုတဲ့ ပစ္စည်းမဲ့ မာန တစ်မျိုး ပဲကွ”
“ရာကက်ရှ်စိတ်ဓာတ်ကိုတော့ ကြိုက်သွားပြီဆရာ”
“မင်း ပိုပြီးတော့ကြိုက်စရာရှိသေးတယ်။ သူပြောတဲ့ စကားလေးတစ်ခွန်းက ဘာတဲ့ … လူတွေဟာ ကိုယ်နှစ်သက်ရာ ဝန်းကျင်မှာ အချိန်ဖြုန်းကြတာပဲ။ ကျွန်တော်ကတော့ စာအုပ်ပုံကြီး ကြားမှာ အချိန်ဖြုန်းဖို့ အလိုချင်ဆုံးပဲတဲ့ကွာ”
“ဆရာ့လိုနေမှာပေါ့”
“မင်းလည်း တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် စာအုပ်ပုံကြီးကြားမှာ နေရတဲ့ အရသာကို ကောင်းကောင်း နားလည် လာမှာပါကွယ်။ ရာကက်ရှ်ပြောတဲ့ တစ်ခု ကျန်သေးတယ်”
“ဘာများလဲဆရာ”
“ကျွန်တော် နေတဲ့ ရပ်ကွက်မှာက ရွှေ့ပြောင်းလုပ်သား ဆင်းရဲသားတွေများတယ်။ သူတို့ သေလောက်အောင် ပင်ပင်ပန်းပန်း အလုပ်တွေလုပ်ကြရတယ်။ သူတို့မှာ အနားယူချိန်လေးကို စာဖတ်ချင်တယ်ဆိုရင် ကျွန်တော်က သူတို့အတွက် ဖြည့်ဆည်းပေးနေရတာကိုပဲ ပျော်နေတာပါတဲ့ကွာ”
“ကျွန်တော် နားလည်လိုက်ပါပြီဆရာ … ဆရာဘာကို ဆိုလိုချင်တယ်ဆိုတာ။ ကျွန်တော်တို့ ကူညီထောက်ပံ့မယ် ဆိုရင် ဘယ်လိုအကျိုးရှိတာမျိုးကို ကူညီထောက်ပံ့တာမျိုးဖြစ်သင့်သလဲဆိုတာ ဆရာက ပြောလိုက်သလိုပါပဲ”
“လူတိုင်းကို ထောက်ပံ့လို့ ရမယ် မထင်နဲ့ကွာ။ အချို့သောလူတွေမှာ မာနရှိကြတယ်။ ကိုယ်မချစ်၊ မနှစ်သက်တဲ့သူတစ်ယောက်က ပံ့ပိုးတာကို လက်ခံလိုက်မယ့်အစား အငတ်ခံ၊ အသေခံလိုက်မယ်ဆိုတဲ့ မာနမျိုးတွေ ရှိကြတယ်။ အဲဒီလိုလူမျိုးတွေကို မင်းနားလည်ပေးနိုင်ရမယ်။ ကိုယ့်မှာ စားစရာ ပေါင်မုန့် တစ်ချပ် ရှိနေသေးလို့ မစားရသေးတဲ့တစ်ယောက်ကို ပေးလိုက်ပါဆိုတာ မျှဝေလိုတဲ့ သူတော်ကောင်းစိတ်ဓာတ်ကွ။ ကိုယ့်မှာ ပိုင်ဆိုင်မှုတွေ တောင်ပုံရာပုံရှိနေသားနဲ့ နောက်ထပ် ပိုင်ဆိုင်မှုတွေ များသထက် များလာအောင် ကြိုးစားနေတာ သူယုတ်မာစိတ်ဓာတ်ကွယ့် အဲဒါကို နားလည်အောင်ကြိုးစား”
“ဟုတ်ကဲ့ပါဆရာ … ရာကက်ရှ်စိတ်ဓာတ်နဲ့ ကျွန်တော် စောစောက Facebook ပေါ်မှာ တွေ့လိုက်ရတဲ့ လူတွေရဲ့ စိတ်ဓာတ်တွေကို ကွဲကွဲပြားပြား ခွဲခြားနိုင်ပါပြီဆရာ”
“စာဖတ်တယ်ဆိုတာ ကိုယ့်အတွက် ယူတတ်မှ မြတ်တာကွ။ မယူသင့်၊ မမြင်သင့်၊ မကြားသင့်၊ မပြောသင့်၊ မလုပ်သင့်တာတွေကို လျှောက်ပြီး ကြည့်နေ၊ ကြားနေ၊ နားထောင်နေရင် ကိုယ်လည်းစိတ်ဓာတ်တွေ ပွန်းပဲ့ခံရ တတ်တယ်။ အရာရာတိုင်းကို လိုက်ဖတ်၊ လိုက်ကြည့်နေဖို့မဟုတ်ဘူး။ အင်အားတွေကို အလကား အဆုံးရှုံးခံနဲ့”
“ဟုတ်ကဲ့ပါဆရာ”
တင်ညွန့်
၁၀.၄.၂၀၂၅