The Burma Guardian

The Burma Guardian မြန်မာပြည်ဆိုင်ရာ သတင်းများ
News On Burma

08/24/2025

နာဇီကို မဟာမိတ်တွေပေါင်းတိုက်သလို ဗျူဟာခင်းတိုက်ရမယ့် အချိန်ရောက်ပြီ

ဦးမင်းကိုနိုင် နဲ့ ဆက်သွယ်မေးမြန်းခန်း (စာမူအပြည့်အစုံ)
ဦးခင်မောင်စိုး မေးသည်။

မေး။ ကိုမင်းကိုနိုင်ရေ မမေးရတာကြာပြီဗျ ကျန်းမာလုံခြုံရဲ့လား။
ဖြေ။ အခုချိန်ထိပေါ့အကိုရာ ရှင်သန်အောင် နေထိုင်ရင်းနဲ့ အလုပ်ရအောင်လုပ်နေရတာဘဲ။ အခုလိုအချင်းချင်း ဂရုစိုက်တယ်ဆိုတာ ကျေးဇူးပါအကို။
မေး။ ကိုမင်းကိုနိုင်ရေ၊ KIA ဗိုလ်ချုပ်ကြီးဂွန်မော် ကအခုဩဂုတ်လ ၂၁ ရက်နေမှာ The Lion King ရုပ်ရှင်က ခြသေ့်ဘုရင် မူဖာဆာ ပြောတဲ့ဇာတ်ဝင်ခန်းတခုကို သူ့ Facebook မှာဖော်ပြပြီးတော့ စစ်အာဏရှင်တွေကို ဒီမိုကရေစီလိုလားသူအားလုံး၊ စုစည်းရင်ဆိုင်အနိုင်ယူကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ကျနော်တို့ပြည်နယ် ပြည်မနေ ပြည်သူလူထုတရပ်လုံး စုစည်းညီညွတ်မူ မရှိရင် နွေဦးတော်လှန်ရေး ပျက်သုန်း ကျဆုံးနိုင်တယ်လို့ တွေးခေါ် ပြောဆိုမူတွေလည်း ကြားနေရပါတယ်။ ကိုမင်းကိုနိုင်ရဲ့အမြင်ကိုကြားပါရစေခင်ဗျာ။

ဖြေ။ ဒါဟာ ခေါင်းဆောင်ကောင်းတယောက်ရဲ့ အမြော်အမြင်ပါတဲ့ချိန်သားကိုက် နှိုးဆော်ချက်ပဲ။ဒါကို NUG အပါအဝင် အားလုံးလည်းသဘောပေါက်ကြပါတယ်။ သာမန်ပြည်သူတွေကအစ သဘောပေါက်တဲ့အပြင် ဒီလိုစိတ်ဓါတ်မျိုး ရှိကြပါလားဆိုပြီးတော့ နှစ်ထောင်းအားရရှိတယ်ဗျ။ သဘောပေါက်ရုံ
တင်မကဘူး သဘောလည်းတူကြတယ်။ ဒါရှင်းတယ်၊ ကျနော်လည်း သဘောတူတယ်။ ဒုတိယကမ္ဘာစစ်တုန်းကဗျာ၊ ဖက်ဆစ်နဲ့နာဇီ ဝင်ရိုးတန်းသုံးနိုင်ငံကို ဝိုင်းတိုက်သလိုဗျာ၊ ဒီအချိန်မှာ အပြီးတိုက်ကြရမှာဗျ။
မဆိုင်သလိုတော့ နေလို့မရဘူး၊ ဘာလို့ဆိုတော့ မတရားမှုကလာပြီးတော့ တံခါးခေါက်မှာပဲ။ ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန်ကလည်း နေသာသပ လေညှာကဆိုပြီး သူထင်ခဲ့တာပဲ။ ပုလဲဆိပ်ကမ်းကို တိုက်လေယာဉ် အုပ်ကြီးတဝုန်းဝုန်းကျဲချလိုက်တော့မှ လန့်နိုးတော့ သူတော်တော် အနာကြီးနာသွားတာနော။ ဒီလိုပဲ ဆိုဗီယက်လည်းငါဆီတော့မလာလောက်ပါဘူးလို့ ထင်နေတာပဲလေ။ ဟစ်တလာတပ်တွေဝင်လာမှ စတာလင် ကြက်သေ သေပြီးတော့ အံအားသင့်တာ။ ကျနော်တို့ ဒီလိုဖြစ်နေလို့မရဘူး၊ ဒါက ကိုယ်နဲ့မဆိုင်သလိုနေလို့မရဘူးဆိုတာ အချိန်တန်ရင် မတရားမှုက လာပြီးတံခါးခေါက်လိုက်မယ်။ အခုဗျာ ပြည်တွင်းကနေ အန္တရယ်ရှိတယ်ဆိုပြီးတော့ လူငယ်တွေ ပြည်ပကိုထွက်ပြီးတော့ အလုပ်လုပ်မယ်၊ သွားကြပြီထား။ ဟိုရောက်တာနဲ့ သံရုံးတွေက လာပြီးတရစ်ချင်းကိုခေါ်ကြပ်နေတာ။ အခုဆိုရင်ပဲ ကိုယ်ရေးအချက်အလက်တွေကို ခြိမ်းခြောက်တာခံနေရပြီ၊ ကိုယ်ပိုက်ဆံအိမ်ကိုပြန်ပို့တဲ့ကိစ္စတွေကိုကြပ်ပြီ။ စသဖြင့်ပေါ့အများကြီးရှိတယ်။ ဒီလိုမှ မဟုတ်လို့ စစ်ကောင်စီ ကြီးစိုးထားတဲ့နေရာမှာ ကိုယ့်အိမ်မှာပဲကိုယ်နေမယ်ဆိုရင်တောင် အိမ်ပေါ်ထိတက်ပြီးတော့ ပေါ်တာဆွဲတာဗျာ။ ဘယ်မှာ ဘယ်သူကလုံခြုံကြလဲ။ နောက်ဆုံးတော့အသက်ပါပေးလိုက်ရတယ် မဟုတ်လား။ ကျနော်တို့မှာ လည်စင်းခံမလား ခုခံပြီးတော့ အောင်ပွဲယူမလား၊ ဒါပဲရှိတယ်ဗျာ။ ဒါတော့ ဒီအချိန်မှာကျောခြင်းကပ်ဖို့ ဉဩဆွဲလိုက်တာပဲလို့ မြင်တယ်ဗျာ။

မေး။ ဟုတ်ကဲ့၊ အခုတရုတ်အစိုးရက သူများပြည်တွင်းရေးကိုဝင်ရောက်စွတ်ဖက်ခြင်းမပြုပါဘူးလို့ ဂါထာရွတ်နေတာေပါ့ေနာ်အမြဲတမ်း။ အခုကျတော့ မြန်မာ့ပြည်တွင်းရေးမှာ အာဏသိမ်းစစ်တပ်ဖက်ကနေ မားမားမတ်မတ်ကြီးဝင်ရပ်နေတာ တကမ္ဘာလုံးမြင်နေရတယ်၊ ကိုမင်းကိုနိုင် ရယ်။ သူနဲ့မလွဲသာလို့ဆက်ဆံနေရတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲတွေကိုလည်း တပြိုင်ထဲ ဆက်တိုက်ဖိအားပေးနေတယ်။ ဒီတရုတ်အစိုးရရဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒကို ကိုမင်းကိုနိုင် ဘယ်လိုမြင်သလဲခင်ဗျ။

ဖြေ။ သူ့ရဲ့ ကိုယ်ကျင့်တရားဆိုတဲ့စကားလုံးကို သတိရတယ်ဗျ သိလား။ ကိုယ်ကျင့်တရားဆိုတာ ဘာလဲပေါ့ဗျာ။ ကိုယ်ကျင့်တဲ့တရားကိုသာ ကိုယ်ဟောပါလို့ ပြောခြင်တာဗျာ။ ဂါတာကိုရွတ်နေတာ ကိုယ်ကျင့်တရားမဟုတ်ဘူးဗျ။ ဒါ သူကဆိုင်းဘုတ်တင်နေတာပဲ။ ဥပမာဗျာ၊ တချို့မြို့တွေမှာရှိတယ်ဗျာ။ တွေ့လိုက်မယ်။ ဆိုင်းဘုတ်ကြီးတွေ။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုတဲ့ ပိုစတာကြီးတွေ။ အဲ့ဒီ ဆိုင်းဘုတ်အောက်မှာတင် မူးယစ်ဆေးဝါးရတယ်၊ ဒါမျိုး။ သူတို့ကိုယ်၌ကစွက်ဖက်နေသလား၊ ခြေရှုပ်နေသလား၊ ဗိုလ်ကျအနိုင်ကျင့်နေသလားဆိုတာ အားလုံးလူတိုင်းသိတယ်ဗျ။ ကျနော်တို့ ဖက်ကစဉ်းစားရမှာကလေ ငုံ့ခံမလား၊ တုန့်ပြန်မလားဆိုတာပဲ။ ဘာမဆို အတိုင်းအတာရှိတယ်လေဗျာ။ အဲ့ဒါကို ကျော်လာပြီဆိုရင်တော့ ရဲရဲကြည့်လိုက်ပါ။ ကမ္ဘာအနှံအပြားမှာ၊ အာဖရိကတိုက်မှာ၊ အကျိုးစီးပွားတွေ ဘယ်လိုတုန့်ပြန်ခံရလဲ။ အဲ့တော့ ဒီလို စွက်ဖက်အနိုင်ကျင့်မူကို အခုမှမဟုတ်ဘူးနော်၊ တစုတဖွဲ့ မကဘူးနော်၊ ဒါကိုပုံသဏ္ဌန်မျိုးစုံနဲ့ အသိပေးနေတာ သတိပေးနေတာကြာပြီ။ ပြန်စဉ်းစားကြည့်ပါ၊ ကျနော်တို့ မြောက်ပိုင်းမှာလည်း၊ ဒီဟာတွေက ပြည်သူလူထု တရပ်လုံးသိအောင်လို့ နည်းပေါင်းစုံနဲ့အသိပေးခဲ့ပါတယ်။ အခု ကျနော်တို့ အခြင်းခြင်းဘာ ကူကြမလဲ၊ ဘယ်လိုကာကြမလဲ။ ရိက္ခာတို့၊ ဆေးဝါးတို့၊ လောင်စာတို့၊ စားသောက်ကုန်ဗျာ၊ ရတဲ့နည်းနဲ့ သူတို့ပိတ်ထားတယ်ဆိုတဲ့နေရာ၊ သူတို့အကျပ်ကိုင်တဲ့အရာတွေကို ကျနော်တို့ဘယ်လိုကူနိုင်ကြမလဲ။ ဒါတော့ တော်တော်ကိုလက်တွေ့ ကျကျ စဉ်းစားရမယ်ဗျ။ ဘယ်ကရမလဲ၊ ဒါလည်းစဉ်းစားရမယ်။ နောက်ပြီးတော့ ကျနော်တို့ ကြိုပြီးတော့ ပြင်ဆင်ထားတဲ့အရာတွေရှိတယ်ဗျာ။ ဒါက ကိုယ်ရဲ့ တဦးခြင်းစီရဲ့ တဖွဲ့ခြင်းစီရဲ့ အမြော်အမြင် အစွမ်းအစတွေပေါ်တော့မူတည်တာပေါ့။ များစွာသောတော်လှန်ရေးအဖွဲတွေက ဆေးဝါးကအစ လိုသမျှ အားလုံးဗျာ အရင်းအမြစ်ပေါင်းစုံကနေ ချိတ်ပြီးတော့ ယူကြရမှာပဲ။ ဒီတော်လှန်ရေးဟာ တစုံတယောက်ပေါ်မှာ၊ ဒါမှမဟုတ် နိုင်ငံတခုပေါ်မှာ လုံးလုံးလျှားလျှားမှီခိုနေလို့တော့မရဘူး၊ ဘယ်တော်လှန်ရေးဖြစ်ဖြစ်ပါ။ ကျနော်တို့မှာ ငကန်းသေရင်ငစွေပေါ်မယ်လို့ကြုံးဝါးနိုင်လောက်အောင် အရံအသင့်တွေရှိဖို့လိုတယ်ဗျ။ ကျနော်တို့ရှာထားရမယ်။ ရှာလဲရှာကြတယ်၊ ကျနော်တို့ဒီလိုလဲပြင်ဆင်ထားကြတာပဲ။

မေး။ ဟုတ်ပြီ၊ လက်ရှိနွေဦးတော်လှန်ရေးမှာ NUG, ERO တိုင်းရင်းသား
တော်လှန်ရေးအဖွဲအစည်းတွေ၊ ABSDF, BPLA, PLA စတဲ့တော်လှန်ရေးအဖွဲတွေ အများအပြား တညီတညွတ်ရှိနေကြပြီလားဆိုတာ လူတွေအတော်များများသိချင်ကြတယ်။ အမှန်အတိုင်းပြောရင်ကိုယ်လဲသိချင်တယ်။ ကိုယ်ညီတို့ကမြေပြင်မှာရှိတာလေ၊ ကိုယ်တို့ကနိုင်ငံခြားမှာရောက်နေတာလေ။ အဲ့တော့ ပြည်တွင်းမှာရှိတဲ့ ညီတို့အနေနဲ့ အဲ့ဒီကိစ္စဘယ်လိုမြင်လဲ။ အဲ့ဒီတော်လှန်ရေးအင်အားစုတွေကကော တခုထည်းသော COC ကွပ်ကဲဦးဆောင်မူအောက်မှာ တော်လှန်ရေးကို အကောင်အထည် ဖော်နိုင်မဲ့ အခြေအနေ ဘယ်လိုရှိလဲခင်ဗျာ။ ဒီရက်ပိုင်းမှာ NRA ဆိုတဲ့အဖွဲတခုဖွဲ့ဖို့ကြိုးစားလာတာကိုလည်း မြင်ရတယ်လေ။ အခုချိန်မှာ နောက်ထပ် တပ်ပေါင်းစုတခု ဖွဲဖို့လိုနေပြီလား။ ကိုမင်းကိုနိုင်ရေ။

ဖြေ။ ရာနှုန်းပြည့် အကြွင်းမဲ့ညီညွတ်ရေးဆိုတာတော့ ဘယ်မှာမှမရှိဘူးပေါ့ဗျာ။ တခုက COC တခုတည်းအောက်မှာဖြစ်တယ်ဆိုရင်တော့ ဒါအကောင်းဆုံးပေါ့။ ဘယ်သူ့မှငြင်းမှာ မဟုတ်ပါဘူး။ ကျနော်တို့ဗျာ ခုနက ဥပမာပဲ ပြန်ပေးခြင်တယ်။ ဒုတိယကမ္ဘာစစ်တုန်းကဆိုရင် Field Marshal တွေက ကမ္ဘာ့မြေပုံကြီးကို တုတ်ထောက်ပြီးတော့ အတူတစားပွဲထည်းထိုင်ပြီးတော့ ဗျူဟာကျကျ ပေါ့နော်တိုက်နိုင်ခဲ့ကြတယ်။ ကျနော်တို့အဲ့လောက်မရဘူးဆိုရင်တောင် ဗျူဟာကျကျတိုက်နိုင်ဖို့ဘဲ လိုတယ်ဗျ။ ဗျူဟာကျကျ လို့ပြောတော့ မေးစရာရှိတယ်။ D day လား zero hourလား။ ခုနက ဗျူဟာကျကျ ဆိုတာ တပြိုင်တည်းမဟုတ်ရင်တောင်မှ တကယ့်ဗျူဟာကျကျတိုက်နိုင်ဖို့က၊ ကျွန်တော်တို့ တင်စားပြခဲ့ဖူးပါတယ်။ နွေဦး Orchestra ကြီးဗျာ။ တီးလိုက်တိုင်းမှာ ဘယ်လောက်အောင်မြင်မူ ရခဲ့လဲဆိုတာ မှတ်မိကြလိမ့်မယ်နော်။ ပြန်ကြည့်ရင်တွေ့မှာပါ။ ပထမလှိုင်းအပြီး ဒုတိယလှိုင်းအပြီး တလှိုင်းပြီးတလှိုင်း လာနိုင်ဖို့ပဲ အရေးကြီးတယ်ဗျာ။ အောင်မြင်မူေတွဆိုတာအဲ့လိုရတယ်။ အဓိကေတာ့ ဗျူဟာကျကျ တိုက်နိုင်ဖို့ဖြစ်တယ်။ အဲ့တော့ဗျာ အဖွဲအစည်းတွေ ဆိုတာကတော့ဗျာ၊ ကိုယ့်ဟာကိုသာစိစစ်ကြတော့ဗျာ။ အင်အားအစစ်အမှန်ဘယ်လောက်ရှိလဲ။ ပြည်သူလူထုရဲ့ယုံကြည်ထောက်ခံမူကအစ ကြည့်ကြပေါ့ဗျာ။ ကိုယ့်ဉာဏ်နဲ့ကိုယ်သာ ချင့်ချိန်ပါ။ ဒီခေတ်က လက်ထဲမှာ မီဒီယာတွေကိုယ်စီရှိနေတဲ့ခေတ်ပဲဗျာ။ ပွဲခင်းတခုလုံး မှာစပီကာတွေ ကိုယ်စီကိုယ်စီနဲ့ ဖြစ်နေတော့ ဘယ်လော်ကိုယုံရမှာတုန်းလို့ ပြည်သူကသိပါလိမ့်မယ်။

မေး။ ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက်အဖွဲဝင်တွေ အများအပြားပေါ့နော် လက်ရှိ နွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူ ပြည်တွင်းမှာ နေထိုင်ပြီး ပါဝင်လှုပ်ရှားနေကြတာ အထင်အရှားမြင်နေရတယ်။ ဒါထင်ရှားတဲ့ သမိုင်းမှတ်တိုင်ပဲ။ အဲ့ဒီတော့ NUG အစိုးရခေါင်းဆောင်တွေ ပြည်တွင်းပြန်ဝင်လာကြဖို့ သမ္မတကြီး ဒူးဝါလရှီးလကလဲ တိုက်တွန်းခဲ့တာရှိတာပေါ့နော်။ အဲ့တော့ တော်လှန်ရေး ခေါင်းဆောင်တွေ ပြည်တွင်းမှာ ပြည်သူတွေနဲ့အတူ နေထိုင်ပြီး ပါဝင်ကြိုးပမ်းဖို့ ဘယ်လောက်အရေးပါတယ်လို့ ထင်ပါသလဲခင်ဗျာ။

ဖြေ။ ဒါက သီအိုရီ အရပြောမယ် ဆိုရင်တော့ အားလုံးမြေပြင်မှာ အတူရှိနေတယ် ဆိုတာကတော့ ကြိုက်တာပေါ့။ တခုတော့ ရှိတယ်။ လိုအပ်ချက်အရ ခရီးသွားေနရတာတွေ ရှိလိမ့်မယ်ဗျ။ သူရဲ့အလုပ် ရဲ့သဘောတွေ ရှိလိမ့်မယ်။ ဘယ်အရပ်မှာဘဲ နေနေပါ။ အလုပ်ကို အကောင်းဆုံး လုပ်ပြနိုင်ဖို့တော့လိုမယ်။ ပြီးရင် ရလဒ်ကောင်းတွေ ယူပြနိုင်ဖို့လိုမယ်။ ဒါကို သက်သေပြနိုင်တယ်ဆိုရင် လုံလောက်ပါတယ်ဗျာ။

မေး။ ဟိုတချိန်က ကျနော်တို့ကျမတို့ ဒီမိုကရေစီကို အရမ်းလိုလားပါတယ်။ ပြည်သူလူထုနဲ့အတူရှိပါတယ်၊ ဆိုပြီးတော့ ရဲရဲတောက်ခဲ့သူ အချို့က အခုအာဏသိမ်းပြီး လူထုကို ပက်ပက်စက်စက်၊ ရက်ရက်စက်စက် ပစ်ခတ် သက်ဖြတ် ညှင်းပမ်းနေတဲ့ စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ စီစဉ်နေကြတယ်။ တချို့ကလည်း သူတို့ကိုယ်တိုင် မပါဝင်ပေမယ့်လည်း ထောက်ခံကြိုဆိုနေကြတာတွေရှိတာပေါ့နော်။ အဲဒီလူတွေကို ကိုမင်းကိုနိုင် ဘယ်လိုမြင်ပါသလဲခင်ဗျာ။

ဖြေ။ ကျနော်ကတော့ တတ်နိုင်ရင် ပုဂ္ဂိုလ်တွေ အမည်နာမတွေ အဖွဲအစည်းနာမည်တွေကို မကြည့်ချင်ဘူးဗျ။ ဘာကြည့်ချင်မလဲဆို သူတို့ဘာကျင့်နေလဲဆိုတာပဲကြည့်မယ်။ ဒီဟာက ပြောကြမယ်ဆိုရင်ဗျာ။ အစိမ်းတွေကော အကျက်တွေကောပါမယ်ဗျာ။ အရင်းတွေ အဖျားတွေ ပါမယ်ဗျာ။ ဒါတွေကို ခုနကပြောသလို နာမတွေ မရေတွက်ချင်ဘူး။ ကိုယ့်ဟာကိုယ် ပေတံနဲ့သာတိုင်းကြည့်ကြတော့။ ကိုယ့်အိမ်ကို ဓါးပြတိုက်ပြီးတော့ လုယူ လူသတ် မုဒိမ်းကျင့်နေတဲ့ အဖွဲ့ကို ပြန်ပြီးခုခံမလား၊ မခုခံဘူးလား။ ဒီကိစ္စပဲ အရေးကြီးတယ်။ အဲဒီတော့ လူတွေကပြောတယ်။ အစဉ်အလာတွေ သမိုင်းကြောင်းတွေ။ ဟုတ်ပါတယ် လိုပါတယ်။ ဒါပေမယ့် လူတယောက်အကြောင်း တစုတဖွဲ့အကြောင်း ပြောကြမယ်ဆိုရင် အဲ့ဒီလူ၊ အဲ့ဒီအဖွဲအစည်းကို ခေါင်းတလားထဲ ထည့်ပြီးတော့ နောက်ဆုံးသံချက် ရိုက်ပြီးမှသာလျှင် ဆုံးဖြတ်လို့ရလိမ့်မယ်။ ဒါတောင်မှနော်၊ အထဲကနေ သံချက်ရိုက်ပြီးတာတောင်၊ အထဲကနေထုပြီးတော့ ခဏလေးနေပါဦး၊ နောက်ထပ်ဖောက်ပြန်သွားပါရစေဦးဆိုတာမျိုး ပေါ်ချင်ပေါ်လာနိုင်တယ်။
ကဲ ကျနော်တို့ ပြောကြမယ်ဆိုရင် တချို့က ပုံစံမျိုးစုံရှိတယ်ဗျ။ ရွေးကောက်ပွဲတွေ ဘယ်လောက်ပဲလုပ်လုပ်၊ ဘယ်လိုနည်းနဲ့မှမနိုင်ကြဘူး။ အဲ့ဒီ အခါကျတော့ သူတို့စိတ်ထဲမှာ ဒီပုဂ္ဂိုလ်နဲ့ ဒီအဖွဲ့အစည်းရှိနေလို့ ငါတို့မနိုင်တာ။ သူတို့သာမရှိရင်တော့ ကံကောင်းမှာပဲ။ သို့တည်းမဟုတ် ငါတို့ရမှာပဲလို့ အဲ့လိုလွယ်လွယ်ကူကူတွေးနေတဲ့လူတွေလည်းရှိတယ်။ အဲ့လိုဖြစ်သွားပါစေလို့ ဆုတောင်းခဲ့တဲ့ လူတွေလည်းရှိတယ်။ အဲ့တော့ အခုအခြေအနေမှာ ငါတို့ချည်းပဲ ကျန်တော့တယ်ဆိုပြီးတော့ ကြိတ်ပျော်နေကြတဲ့လူတွေကလည်း ပျော်ပျော်ကြီးဝင်ပြိုင်ချင်မှာပေါ့။ ဒါပေမယ့် ဖြစ်ထားတာကို ပြန်ကြည့်ဖို့တော့ လိုမယ်။ ဘာလဲဆိုတော့ ကိုယ့်မျက်စိရှေ့မှာတင် ရွေးကောက်ပွဲလုပ်ခဲ့တာ။ အဲ့ဒီမှာတင် ရလဒ်ထွက်ပြီသား။ ကိုယ့်မျက်စိရှေ့မှာတင် ဖျက်ဆီးပစ်တာ။ မျက်စိရှေ့မှာတင် အနိုင်ရတဲ့သူတွေကို မတရားဖမ်းဆီးပြီးတော့ အမှုဆင်ထောင်ချ ညဉ်းဆဲသက်ဖြတ်ခဲ့တာ။ ဒါကို ဘာလို့ ဘယ်လိုစိတ်တွေနဲ့ ကျော်လွှားလိုက်မှာလဲ။ ဒီရာဇဝတ်မူတွေကို ဘယ်လို မေ့လိုက်တာလဲ။ ကျနော်စဉ်းစားလို့ကိုမရဘူး။ ဒါရိုးရိုးလေးပါ။

နောက်တခုက ဒီဖက်ကနေ ဝင်ပြောကြတာပေါ့။ ဒီဖက်ကဆိုတာ ရွေးကောက်ပွဲ သာလျှင် တခုတည်းသောထွက်ပေါက်ဖြစ်တယ်လို့ အဓမ္မကိုဓမ္မ အနေနဲ့ ထူထောင်ကြတဲ့သူတွေ ဝင်ပြောကြတာ။ ဘာလဲ ဒီထက်ဆိုးသွားချင်လား၊ ဒီလိုကြီးပဲ စစ်တပ်ရဲ့အုပ်ချုပ်မူအောက်မှာနေမှာလား။ အရပ်သားအုပ်ချုပ်မူဖက်ကိုမပြောင်းချင်ဘူးလား။ ဒါက သက်သက်မဲ့ မေးခွန်းက ချည်ပြီးတုတ်ပြီးတော့ လူကြားကောင်းအောင်မေးတာပဲဗျ။ ဒီ ၂၀၀၈ ခြေဥအောက်မှာ စစ်တပ်ကအမြဲတမ်း ကြီးစိုးမှာပဲ။ ကျနော်ပြောချင်တာက ဘောင်းဘီ ဝတ်တာနဲ့ ပုဆိုးဝတ်တာပဲကွာတယ်ဗျာ။ အဲ့ဒါကို ကိုယ်ကနေပြီးတော့ ခေါင်းပေါင်းကြီး တပြင်ပြင်နဲ့ ပုဝါကြီးတလွှားလွှားနဲ့ စောင့်နေတယ်ဆိုတာ ကိုယ့်ကိုကိုယ် ဘယ်လောက်ဖြောင့်မတ်သလဲဆိုတာအသိဆုံးနေလိမ့်မယ်။ ဘေးကလူကမသိဘူးမထင်နဲ့ အကုန်လုံးသိတယ်နော် ကျနော်ပြောခြင်တာက။ ဒါကြောင့် လူပုဂ္ဂိုလ်တွေ အကြောင်းမပြောခြင်ဘူး။ အဲ့ဒီအခါမှာ ချည်ပြီးတုပ်ပြီးတော့လိုက်မေးတယ်ဗျာ။ လွှတ်တော်ရှိသွားရင်ပိုကောင်းသွားတာပေါ့။ အသက်ဝင်သွားရင်ကောင်းသွားတာပေါ့။ ဆိုလိုတာက ဓါးပြကအိမ်ရဲ့ပိုင်ဆိုင်မူတွေ အကုန်လုံးကိုသိမ်းထားပြီ သတ်တာလည်း သတ်ပြီးပြီ၊ ကျင့်တာလည်း ကျင့်ပြီးပြီ။ အဲ့ဒီအချိန်မှာ ဓါးပြ စိတ်ကောင်းဝင်နေတုန်းမှာ နဲနဲပါးပါး ပြန်ခွဲပေးတာကိုယူလိုက်ပါလား၊ ဘာလို့ကလန်ကဆန် လုပ်နေတာလဲလို့ပြောနေတာနဲ့အတူတူပဲ။ တချို့က ဒီထက်စာရင်တော့ နည်းနည်းတော့ပြန်ရမှာပေါ့၊ နဲနဲပါးပါး ရမှာပေါ့၊ ရသလောက်လေးယူလိုက်ပေါ့ဗျာ။ အဲ့ဒီစိတ်ဓါတ်မျိုးဗျ။ ခုနလိုပဲ သူတို့ဘယ်တော့မှ မနိုင်နိုင်တဲ့ အဖွဲအစည်းတွေ ပုဂ္ဂိုလ်တွေ မပါတုန်းမှာ အပိုင်ပဲဆိုပြီးတော့ ဝင်ပြီးတော့ ချိုင်ချင်တာလည်းရှိတယ်။

ဒီမှာ ဒါတွေအားလုံးက တကယ်တော့လေ ဖက်ဆစ်တပ်ကပြောချင်နေတဲ့စကားတွေဗျ။ ဝင်မပြိုင်ရင် မှားသွားမယ်၊ နောင်တ ရသွားမယ်၊ ဆိုတာ အဲ့ဒါကို ဝင်ပြီးအိမ်ဖြည့်ပေးတာဗျ။ အမှန်တော့ မသိလို့မဟုတ်ဘူး။ ပြန်ချုပ်ပြောရရင်တော့ဗျာ ဓါးပြဆီကနေပြီးတော့ ဝေစုတောင်းတာပဲ။ မိသားစုရဲ့ နဂိုလ်မူလရပိုင်ခွင့်ကို ရအောင်မတိုက်ပဲနဲ့ အဲဒီ ဓါးပြနဲ့အမူတွဲတာပဲဗျာ။ ဒါပါပဲ။ဒီလို ကိုယ်မျက်စိရှေ့မှာတင် မတရားလုပ်ခဲ့တာကို ကြိမ်ဖန်များစွာလုပ်ခဲ့တာကို အရပ်ဖက်ပစ်မှတ်တွေကိုလည်း ဗုံးကျဲတာဗျာ အားလုံးအသိ။ သက်ဖြတ်ခဲ့တာ ညဉ်းဆဲခဲ့တာ ဒီ ပုံမှန် တရားစီရင်ရေးမဟုတ်ပဲနဲ့ သူတို့ထင်ရာစိုင်းပြီးတော့ နောက်ဆုံးဗျာ သက်ဖြတ်ခဲ့တာတွေရှိတယ်။ ဒီမှာ လွန်ခဲ့တဲ့ ရက်ပိုင်းကိုပဲကြည့်၊ ကိုယ်မျက်စိရှေမှာတင် မိုးကုတ်မြို့ကို ဗုံးကျဲခဲ့တာ အရပ်ဖက် ပစ်မှတ်သိသိကြီးနဲ့ ကျဲခဲ့တာနော်။ အဲ့ဒီမှာ ပါသွားတာကနော် တမိသားစုလုံးနော်။ မိခင်တွေကော ၊မောင်တွေကော၊ နှစ်မတွေကော၊ နောက်ပြီးတော့ မွေးခင်းစ ကလေး လေးတွေကော အကုန်ပါသွားတာနော်။ တယောက်တည်းသော အိမ်မှာမရှိခိုက်မှာ အသက်ရှင်တာဆိုလို့ တယောက်ပဲ ကျန်ရစ်ခဲ့တာ။ သူတို့ရေးတဲ့ ပို့စ်တွေ စာတွေကိုဖတ်မိကြမှာပါ။ ဘယ်လောက်နာကျဉ်ဖို့ကောင်းလဲဆိုတာ။ သူတို့ကတော့ ပြောမှာပေါ့ဗျာ။ သူ့မှာလေ ဒီထက်လည်းပိုပြီးတော့ရေးလို့မရရှာဘူး။ ကျနော်တော့ အင်မတန်စာနာမိပါတယ်။ ဘာလဲဆိုတော့လေ။ အခုက ရွေးကောက်ပွဲနဲ့ခြိမ်းခြောက်နေတာ။ ငါလုပ်တဲ့ပွဲကိုလက်ခံ။ လက်မခံရင်တော့ ငါ ဟော့ဒီလို ရက်စက်မယ်၊ ကြမ်းကြုပ်မယ်၊ မင်တို့ ဘာတတ်နိုင်သေးလဲဆိုတဲ့အဓိပ္ပယ်ပဲဗျ။ ကျနော်တို့ပြောရမှာက တတ်နိုင်တယ်။ ငါတို့တတ်နိုင်တယ်။ မင်းတို့ (ရန်သူ ဖက်ဆစ်တပ်)ကိုကော၊ မင်းတို့ကိုအားပေးနေတဲ့ ဘာအင်အားကြီး ဖြစ်ဖြစ်ဗျာ။ ငါတို့ရင်ဆိုင်မယ်။ ငါတို့တော်လှန်အင်အားစုတွေသာ ညီမယ်ဆိုရင် ခုနက ခေါင်းဆောင်ဗျာ သူနမူနာပြထားတဲ့ ဗီဒီယို ထဲကလိုပဲ ကျနော်တို့အတူ ပြန်ပြီးတော့ရင်ပေါင်တန်း ရင်ဆိုင်မယ်ဆိုရင် ဓမ္မက အဓမ္မ ကိုသေချာပေါက်နိုင်တယ်ဆိုတာ ကျွန်တော်တို့ သက်သေ ပြနိုင်လိမ့်မယ်။ ဒါ နွေဦးရဲ့ကြုံးဝါးသံပဲဗျ။

မေး။ ကိုမင်းကိုနိုင် ကိုယ့်ညီ ကျန်းမာရေး လုံခြုံရေးဂရုစိုက်ပါလို့ ထပ်ပြီးပြောချင်တယ်။ ကျေးဇူးအများကြီးတင်ပါတယ်။

ဖြေ။ ဟုတ်ကဲ့ဗျာ။ ကျနော်လည်း အားလုံးကိုနှုတ်ဆက်ပါတယ်ဗျ။ ကိုယ်စီ ကိုယ်စီ မိမိကိုယ် ကောင်းစွာ စောင့်ရှောက်နိုင်ပြီးတော့ တော်လှန်ရေးအောင်တဲ့အထိ အတူတွဲနိုင် တိုက်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်ဗျ။ ကျေးဇူးပါ။ ။
(၂ဝ၂၅ ဩဂုတ် ၂၃)

Send a message to learn more

08/24/2025

နာဇီကို မဟာမိတ်​တွေပေါင်းတိုက်သလို ဗျူဟာခင်း တိုက်ရမယ့်အချိန်​ရောက်ပြီ။
(ကျနော်တို့ညီညွတ်ရင် ဖက်ဆစ်တပ်ကိုနိုင်တယ်။)
ဦးမင်းကိုနိုင် နဲ့ ဆက်သွယ်မေးမြန်းခန်း
၂ဝ၂၅ သြဂုတ် ၂၃
(ကောက်နုတ်ချက်များ)
၁။ ဗိုလ်ချုပ်ကြီးဂွန်မော်က ခြင်္သေ့ဘုရင် မူဖာဆာပြောစကားကို ဒီရက်ပိုင်းတင်ပြခဲ့တာဟာ ခေါင်းဆောင်ကောင်းတယောက်ရဲ့ အမျှော်အမြင်ကြီးမားတဲ့ ချိန်သားကိုက် နိုးဆော်ချက်ဖြစ်တယ်။ သူတင်ပြတာကို NUG အပါအဝင် အားလုံးသဘောတူကြတယ်။ အခုအချိန်ဟာ စစ်အုပ်စုကို အားလုံးစုပြီး အပြီးအပိုင်တိုက်ရမယ့် အချိန်ဖြစ်တယ်။
၂။ တရုတ်အစိုးရရဲ့စွက်ဖက်အနိုင်ကျင့်မှုကို ငုံံ့ခံမလား တုန့်ပြန်မလား ဆုံးဖြတ်ရမယ့်အချိန်ဖြစ်တယ်။ ရိက္ခာ၊ လောင်စာ၊ ဆေးဝါးပိတ်ဆို့မှုတွေကို ကျော်လွှားရမယ်။ စု​ဆောင်းပြင်ဆင်ကြရမယ်။
၃။ တော်လှန်အင်အားစုတွေအားလုံး အမိန့်ပေးကွပ်ကဲမှု COC တခုတည်းအောက်မှာရှိရင်တော့ အကောင်းဆုံးပဲ။ အဓိကအချက်ကတော့ ဗျူဟာကျကျ တိုက်နိုင်ဖို့ဖြစ်တယ်။
၄။ တော်လှန်ရေးခေါင်းဆောင်အားလုံး မြေပြင်မှာအတူရှိတာကိုကြိုက်တယ်။ ဒါပေမယ့် လိုအပ်ချက်အရ ခရီးသွားရသူတွေရှိမယ်။ ဘယ်အရပ်မှာနေနေ အလုပ်ကိုအကောင်းဆုံးလုပ်ပြနိုင်ပြီး ရလဒ်ကောင်းတွေယူပြနိုင်ရင် လုံလောက်ပါတယ်။
၅။ ရွေးကောက်ပွဲဝင်ချင်သူတချို့က ဒီပုဂ္ဂိုလ် ဒီအဖွဲ့အစည်းရှိလို့ ငါတို့မနိုင်တာ၊ အခုအချိန်မှာ ငါတို့ချည်းပဲ ကျန်တော့တယ်ဆိုပြီး ကြိတ်ပျော်နေကြတယ်။ မိမိမျက်စိအောက်မှာတင် ရွေးကောက်ပွဲကျင်းပခဲ့ပြီးတော့ အနိုင်ရသူတွေကို ဖမ်းဆီးထောင်ချ၊ ဥပဒေမဲ့ သတ်ဖြတ်ခဲ့တာတွေကို အဲဒီသူတွေဘယ်လိုစိတ်တွေနဲ့ ဘယ်လိုမေ့လိုက်ကြတာလဲ။ ၂ဝဝ၈ ခြေဥအောက်မှာ စစ်တပ်က အမြဲကြီးစိုးမှာပဲ။ ဒါကို ခေါင်းပေါင်းကြီးတပြင်ပြင်၊ ပုဝါကြီး တလွှားလွှားနဲ့ စောင့်နေသူတွေအနေနဲ့ မိမိကိုယ်မိမိ သိကြမှာပါ။ ဒါဟာ ဓါးပြဆီက ဝေစုတောင်းတာပဲဖြစ်တယ်။
၆။ စစ်တပ်က မင်းတို့ဘာတတ်နိုင်သေးလဲဆိုပြီး ရွေးကောက်ပွဲနဲ့ ခြိမ်းခြောက်နေတယ်။ ကျနော်တို့က ပြန်ပြောရမယ်။ ငါတို့ တတ်နိုင်တယ်။ မင်းတို့ဖက်ဆစ်တပ်ကိုကော၊ မင်းတို့ကို အားပေးနေတဲ့ ဘယ်လို အင်အားကြီးတွေပဲဖြစ်ဖြစ် ငါတို့ ရင်ဆိုင်မယ်။ ငါတို့တော်လှန်အင်အားစုတွေသာ ညီညွတ်မယ်ဆိုရင် ဓမ္မက အဓမ္မကို နိုင်တယ်ဆိုတာ သက်သေပြနိုင်လိမ့်မယ်။

(စာမူအပြည့်အစုံကို သီခြားတင်ဆက်ထားပါတယ်။) ခမစ။

07/10/2025

Send a message to learn more

06/21/2025

ကြားကာလ အစိုးရဖွဲ့ဖို့ အားလုံးသဘောတူ၊ စစ်ရေးတိုးတက်

ဒေါက်တာ ဦးဇော်ဝေစိုး နဲ့ ဆက်သွယ်မေးမြန်းချက်
သုံးလအတွင်း မြောက်ပိုင်းနဲ့ အလယ်ပိုင်းက တော်လှန်ရေး အဖွဲ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံနိုင်ခဲ့။ တော်လှန်အင်အားစုတွေရဲ့ မြေပြင်စိုးမိုးဒေသဟာ မလေးရှားနိုင်ငံ ပမာဏထက်ကြီးမားနေပြီ။ မြေပြင်မှာ တော်လှန်ရေးသမားတွေ၊ ပြည်သူတွေနဲ့ အတူနေထိုင်ခံစားမှုကို ပြည်ပကနေ ဘယ်လိုမှမရနိုင်။ လုံခြုံစိတ်ချရတဲ့ ဆေးရုံတွေ စတင်ဆောက်လုပ်။ Non- CDM တွေကို လက်ကမ်းဖိတ်ခေါ်နေ။ အသွင်ကူးပြောင်းရေးကာလ အစိုးရဖွဲ့ဖို့ တလရ အဖွဲ့အားလုံး သဘောတူညီကြ။ အောင်ပွဲမြန်မြန်ရဖို့ ပြည်တွင်း ပြည်ပပြည်သူတွေကို ကျေးဇူးတင်တယ်။ တော်လှန်ရေးမြန်မြန်ပြီးအောင် ပိုမိုအားစိုက်ကြပါ။

05/06/2025

Burma at Her Historical Tipping Point

Today, Myanmar has arrived at a significant tipping point in its history—one that could bring about major change. If all of us, the people, under the leadership of the revolutionary forces, exert our full strength with unity and determination, the current situation clearly indicates that the dictatorship will be permanently erased from Myanmar’s soil in the near future.

Meanwhile, some neighboring countries are strongly backing the military junta led by Min Aung Hlaing because a long-lasting dictatorship serves their interests. If we cannot effectively seize this political and historical moment, the people of Myanmar could end up in a permanent state of servitude, too afraid to challenge the military, or worse—end up under foreign control, as seen in regions like Tibet. Look at Xinjiang, where millions of Uyghur Muslims are being brutally oppressed in so-called "re-education camps." Look at how China governs Hong Kong and threatens Taiwan.

Another example is Boten, a small town in Laos. Though it’s officially in Laos, it has effectively become the proxy territory of China; all the businesses and even the law enforcement are Chinese—a modern-day colony. Our powerful neighbor is exploiting Myanmar’s instability under the guise of peacebuilding and cooperation. As long as Min Aung Hlaing protects their interests, they will support him. But when the opportunity arises, they may also openly or indirectly influence Myanmar. If they gain access to the Indian Ocean through Myanmar, China will gain strategic control over all Southeast Asia.

China may claim non-interference in internal affairs, but their recent actions—such as deploying security forces under the disguise of a private security firm to Kyaukphyu, their cross-border intrusion into Lashio, and their pressure on the TNLA—demonstrate a clear and present danger to Myanmar. Their support for the junta isn't just to exploit Myanmar economically; it's also because they fear that a successful revolution in Myanmar would inspire pro-democracy movements in their own and neighboring authoritarian states.

For instance, Myanmar’s 1988 uprising was followed by China’s Tiananmen Square protests in 1989. Later, RFA (Radio Free Asia) emerged in 1996 with nine language services—four of which (Mandarin, Cantonese, Tibetan, and Uyghur) directly counter Chinese state-controlled media and one-sided narratives. Recently, during Bangladesh’s anti-Hasina protests, activists there consulted with Myanmar revolutionaries. If Myanmar’s Spring Revolution succeeds, it could inspire pro-democracy uprisings in authoritarian ASEAN countries, especially in Thailand.

That’s why authoritarian governments are supporting the junta—they fear that if Myanmar wins its freedom, it might lead to their own downfall. But the more divided we are, the more it plays into their hands. Why are we not united yet, when the path ahead is so clear?

From Ne Win to today’s generals, the military deliberately kept our people poor, uneducated, and constantly in survival mode—focused only on daily needs, envious of the rich, submissive to authority, distrusting one another, and trapped in selfishness. They used religion to justify suffering as karma from past lives. They used pro-military monks to suppress the people’s critical thinking. This divide-and-rule strategy was designed to create factions like DKBA and BGF—similar to British colonial tactics. The political parties they've formed are often self-serving and under their influence.

Looking at past coups in 1962 and 1988, both the military and some foreign governments assumed that if the army took full power, the people would protest for a few months and then stop. That assumption was wrong.

Generation Z, more educated and determined, has emerged since 1988 and ethnic groups across states have begun to unite. Revolutionary forces now control territories never previously held in Myanmar’s history. We’ve reached the point where people speculate whether Min Aung Hlaing will flee to Russia like former Syrian President “Assad”.

Still, he likely believes—with support from countries like China and Russia—that his regime can survive. Those authoritarian states don’t want Myanmar to become a flourishing democracy. That’s why they continue to back the junta.

Yet today, the ethnic and religious diversity across Myanmar is more united, understanding, and active than ever before. But we must remember—the military junta has no compassion. They will kill children, the elderly, pregnant women—anyone—for their survival. The only way forward is through unity and solidarity among revolutionaries. Yes, we have internal issues, and we will continue to have them. But our differences aren't the real problem. Overcoming mistrust and working together as one is the only way we can survive.

For now, let’s set aside our egos, pride, and narrow-mindedness. Our hearts are bigger than this. We’re not enemies just because we disagree or have different views. While the enemy tries to survive through division and bloodshed, we must not fall into their trap. Our only enemy is the military dictatorship. Let’s not help them by turning our disagreements into weapons.
Min Aung Hlaing’s regime is undoubtedly pleased that the revolutionary forces remain fragmented under different names.

Recently, there’s been positive news of smaller groups joining forces. But these growing alliances must now systematically connect with the NUG (National Unity Government) and EROs (Ethnic Revolutionary Organizations). The revolution survives today only because of the coordination between NUG, EROs, and powerful groups like ABSDF, BPLA, and PLA. Local resistance groups must understand this. The days of controlling just your own territory are over.

At the same time, the NUG and EROs must also make efforts to better engage and understand these regional forces. Every revolution has strengths and weaknesses. We must quickly and effectively resolve problems and differences.

Some of the public’s pain and deaths—especially among PDF youth—are due to incompetent leaders within resistance groups. Justice must be delivered. However, that cannot be used as an excuse to slow or divide the revolution. Time will not wait for us.

No matter what, people across the mountains and plains of Myanmar must push through this crisis together. Just like Min Aung Hlaing has no way out, neither do we. There’s no turning back now.

Look at China’s current moves: they entered Lashio in April, earlier than the June date they announced. They’ve continued to pressure groups like TNLA. They are using opportunities from the earthquake to present themselves as problem-solvers on the global stage. We must see this clearly.

At the same time, we need to send a clear message to Chinese leaders: they’re mistaken. Oppressing people won’t yield the outcome they expect. Supporting Min Aung Hlaing won’t protect their interests—it will only earn them the eternal hatred of the Myanmar people. We must use all means available to make that unmistakably clear.

Right now, the Chinese government is pressuring ethnic groups one by one to cut deals with the junta. Recently, a resistance leader shared encouraging news with me regarding the current situation, in which the Chinese government is pressuring ethnic groups individually to negotiate with the military council. The stance being taken is that "we are united, and we cannot be divided." The goal is to make the Chinese government understand this unity. Similar statements were made during the TNLA (Ta’ang National Liberation Army) press conference on May 4.

In addition to the NUG (National Unity Government) and the Three Brotherhood Alliance, we are also seeing signs of unity and military advancements among other revolutionary groups such as the Chin, Kachin, Karenni (Kayah), Pa-O, Mon, and Karen forces. These developments are uplifting. Recently, top leaders from the KIA (Kachin Independence Army) and NUG held a high-level dialogue and reportedly strengthened mutual understanding. PDFs (People’s Defense Forces) have also significantly improved in capacity over the past four years. The revolution is gaining strong momentum.

Frankly, the Min Aung Hlaing regime knows that the longer the current situation continues, the worse it will be for them. Their conscription efforts have become more of a burden than a success. Moreover, the devastation—both physical and psychological—from the recent earthquakes has weakened them severely. As a result, the revolutionary forces are now gaining unexpected advantages.

At this moment, we, the revolutionary forces, must not become complacent with these advantages. We must act swiftly and decisively. If a transitional government can emerge soon, the public will strongly support it. Fortunately, we are seeing the favorable shift in military and political advancement to our side. If we can fight this final battle in unity, the entire country could undergo a massive transformation, and authoritarianism will be eradicated from Myanmar’s politics. To speak frankly, it’s even more than that—this isn’t some Broadway drama that can be reenacted. Whether it’s them or us, there can be no encore.

The people of Myanmar—now enduring some of the harshest suffering—are ready to give everything for freedom from fear and social misery.

In conclusion, the future of the country now lies in the hands of the entire Burmese population, both inside and outside the country. Myanmar has now arrived at a historical tipping point with no return.

Written by Khin Maung Soe
Translated by Z

Send a message to learn more

05/06/2025

မြန်မာ့သမိုင်း အချိုးအကွေ့ကို ရောက်ရှိနေပြီ

ဒီကနေ့ မြန်မာပြည်ဟာ အကြီးအကျယ်ပြောင်းလဲသွားတော့မယ့် သမိုင်းအချိုးအကွေ့ကို ရောက်ရှိနေပါပြီ။ တော်လှန်ရေးအင်အားစုတွေဦးဆောင်မှုနဲ့ ကျနော်တို့ ပြည်သူတရပ်လုံးသာ အရှိန်ပြင်းပြင်း၊ ညီညီညွတ်ညွတ် အားစိုက်လိုက်ကြမယ်ဆိုရင် အချိန်တမဟုတ်အတွင်းမှာပဲ အာဏာရှင်စနစ်ဟာ မြန်မာ့မြေပေါ်က ထာဝရပျောက်ကွယ်သွားတော့မှာကို လက်ရှိအခြေအနေတွေက အထင်အရှားညွှန်ပြနေပါတယ်။
ဒီအတောအတွင်းမှာပဲ အိမ်နီးခြင်း နိုင်ငံတချို့ကလည်း အာဏာရှင်စနစ်အသက်ရှည်မှ သူတို့အကျိုးစီးပွား မတန်တဆရရှိနိုင်မှာဖြစ်တဲ့အတွက် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ကို အပြင်းအထန် ကျားကန်ပေးနေပါတယ်။ လက်ရှိ သမိုင်းဝင်နိုင်ငံရေးအချိုးအကွေ့ကိုသာ ကျနော်တို့ ထိထိရောက်ရောက် အသုံးမချနိုင်ဘူးဆိုရင် မြန်မာပြည်သူတွေဟာ စစ်တပ်ကိုခေါင်းဖေါ်မကြည့်ရဲတဲ့ ရာသက်ပန်ကျွန်ဘဝ ရောက်ရင်ရောက် ဒါမှမဟုတ် တိဘက်ဒေသလို တရုပ်ပြည်ရဲ့ သိမ်းပိုက်မှုခံရမယ့် အခြေအနေကို ရောက်ရှိသွားနိုင်ပါတယ်။ တရုတ်နိုင်ငံအနောက်မြောက်ပိုင်းက Xinjiang ရှင်းဂျန်ဒေသမှာ သူတို့သြဇာမခံတဲ့ ဒေသခံ Uyghurs ဝီးဂါ မွတ်ဆလင်သန်းပေါင်းများစွာကို ပညာပေးတယ်ဆိုပြီး အကျဉ်းစခန်းတွေနဲ့ တရုတ်အစိုးရဘယ်လို ဖိနှိပ်နေပါသလဲ။ ဟောင်ကောင်ကျွန်းကို ဘယ်လိုအုပ်ချုပ်နေသလဲ။ တိုင်ဝမ်ကို ဘယ်လိုခြိမ်းခြောက်နေသလဲ။
နောက်ထပ်ဥပမာပေးရရင် လာအိုနိုင်ငံထဲက ဘိုတန်ဆိုတဲ့ မြို့ကလေး။ နာမည်ကသာ လာအိုနိုင်ငံ၊ စီးပွားရေး လုပ်ငန်းရှင်တွေအားလုံးက တရုတ်၊ လုံခြုံရေးယူထားတဲ့ ရဲတွေအားလုံးက တရုတ်နဲ့ ခေတ်သစ်ကိုလိုနီ ဖြစ်သွားတာ မျက်မြင်ကိုယ်တွေ့ပါပဲ။ ကျနော်တို့ရဲ့ မဟာ အိမ်နီးချင်းနိုင်ငံကြီးဟာ ပွဲလန့်တုန်း ဖျာခင်း၊ ငြိမ်းချမ်းရေး ခေါင်းကိုင်ဖခင်ကြီး အမည်ခံပြီး မြန်မာပြည်တွင်းက သူ့ရဲ့လက်ရှိနဲ့ အနာဂတ် အကျိုးစီးပွားအတွက် မင်းအောင်လှိုင် ကိုတတ်နိုင်သမျှ ကာလတခုအထိကူညီမှာဖြစ်သလို အခြေအနေတခုကို ရောက်လာရင်လည်း မြန်မာပြည်ကို မသိမသာရော၊ သိသိသာသာပါ ကျူးကျော်စိုးမိုးဖို့ ဝန်လေးမှာ မဟုတ်ပါဘူး။ မြန်မာပြည်ကနေတဆင့် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ကိုလှမ်းပြီး လက်ဝါးကြီးအုပ်လိုက်နိုင်ရင် အရှေ့တောင်အာရှဟာ သူ့လက်အောက် လုံးဝဥဿုံရောက်ပါပြီ။
တခြားနိုင်ငံပြည်တွင်းရေးကို ဝင်မစွက်ပါဘူးလို့ နှုတ်ကတဖွဖွ ဂါထာရွတ်နေတဲ့ တရုတ်အစိုးရရဲ့ ကျောက်ဖြူကို တရုတ်လုံခြုံရေးတပ်ဖွဲ့စေလွှတ်ထားမှု၊ လတ်တလော လားရှိုးကျူးကျော်မှုနဲ့ TNLA အပေါ်ဖိအားပေးမှု စတာတွေကိုကြည့်ရင် ဒါဟာ မြန်မာပြည်အတွက် clear and present danger အင်မတန်ရှင်းတဲ့ မျက်မှောက်အန္တရာယ်ဖြစ်ပါတယ်။
တကယ်တော့ အိမ်နီးခြင်းနိုင်ငံတချို့က မအလ ဦးဆောင်တဲ့စစ်အုပ်စုကို လက်ရဲဇက်ရဲနဲ့ ပြောင်ပြောင်တင်းတင်း ကူညီနေကြတာဟာ မြန်မာပြည်ကို စီးပွားရေးအရ ဂုတ်သွေးစုပ်ဖို့သာမကပါဘူး။ နွေဦးတော်လှန်ရေးအောင်မြင်သွားတာနဲ့ တပြိုင်နက် အဲဒီအိမ်နီးခြင်းနိုင်ငံတွေမှာ ဒီမိုကရေစီအင်အားစုတွေ ပိုမိုနိုးကြားတက်ကြွလာပြီး အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ တိုးပွားလာမယ့်အရေးကိုပါ သူတို့က ကြိုတင် စိုးရိမ်နေကြတာဖြစ်ပါတယ်။ ဥပမာအားဖြင့် ၁၉၈၈ မြန်မာပြည်က အရေးတော်ပုံအပြီး ၁၉၈၉ မှာ တရုတ်ပြည် ပီကင်းမြို့ တီယန်နမ်မင်အရေးတော်ပုံဖြစ်ပွားတယ်။ အဲဒီနောက်ဆက်တွဲ RFA ပေါ်လာတယ်။ ၁၉၉၆ မှာစတင်အသံလွှင့်တဲ့ RFA မှာဌာန ၉ ခုရှိတဲ့အနက် မန်ဒရင်း၊ ကန်တုံးနင်း၊ တိဘက်နဲ့ ဝီးဂါး ဌာနလေးခုဟာ တရုတ်ပြည်နဲ့ တိုက်ရိုက်သက်ဆိုင်တယ်။
ဘင်္ဂလားဒေ့ရှ်မှာဖြစ်ခဲ့တဲ့ ဟာစီနာ ဖြုတ်ချရေးလှုပ်ရှားမှုမှာ မြန်မာတော်လှန်ရေးအဖွဲ့တွေကို ဘင်္ဂလားဒေ့ရှ်တော်လှန်ရေးသမားတွေက ဆက်သွယ်ပြီး အကြံဉာဏ်တွေယူခဲ့တယ်။ အခု မြန်မာပြည်မှာ နွေဦးတော်လှန်ရေးအောင်မြင်ရင် အိန္ဒိယ၊ တရုတ်နဲ့ အာဆီယံနိုင်ငံတွေမှာ အထူးသဖြင့် ဒီမိုကရေစီလှုပ်ရှားသူတွေကို နှိပ်ကွပ်ထားတဲ့ ထိုင်းမှာဘာတွေဖြစ်လာနိုင်မလဲ။ စစ်အုပ်စုမြန်မာပြည်မှာ ဆက်ရှိနေရင် သူတို့ဘယ်လို အကျိုးရှိမလဲ၊ ပြုတ်ကျရင် ဘယ်လိုနစ်နာမလဲ။ အားလုံးက ကိုယ်ကျိုးစီးပွား အဓိကထားပြီး လူလည်လူနပ်တွေလုပ်နေကြတာ။ ကျနော်တို့ မညီညွတ်လေ သူတို့ကြိုက်လေပဲ။ ဒါကို လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားမြင်နိုင်ပါရက်နဲ့ ကျနော်တို့ ဘာလို့မညီညွတ်ကြသေးတာလဲ။
တကယ်တော့လည်း ကျနော်တို့ မြန်မာနိုင်ငံမှာ မွေးဖွားကြီးပြင်းသူအားလုံးကို တကယ်တန်ဖိုးရှိတဲ့ ဉာဏ်ပညာတွေမတတ်အောင်၊ ဆင်းရဲပြီး အကျင့်တွေပျက်လာအောင်၊ စဉ်းစားချိန်မရှိပဲ ထမင်းစားဖို့ပဲ အချိန်ပြည့် ရှာဖွေတွေးတောနေကြအောင်၊ မိမိထက် ချမ်းသာသူဆိုရင် အောက်ကျို့လိုစိတ်ဖြစ်အောင်၊ အာဏာရှိသူဆိုရင် ရပ်ကွက်လူကြီးကိုတောင် ကြောက်ရွံ့အောင်၊ တယောက်ကိုတယောက် ယုံကြည်မှုကင်းမဲ့အောင်၊ တကိုယ်ကောင်းစိတ်တွေ ကိန်းအောင်းအောင် ဗိုလ်ချုပ်နေဝင်းက ဦးဆောင်ပြီး လက်ရှိ စစ်တပ်ခေါင်းဆောင်တွေအထိ တမင်လုပ်ခဲ့တာပါ။ သူတို့သြဇာခံဘုန်းကြီးတွေကို အသုံးပြုပြီး မိမိတို့ဆင်းရဲတာကို အရင်ဘဝက ကံအဖြစ်ယုံကြည်အောင် ဘာသာရေးနဲ့လမ်းလွှဲတာလည်း သူတို့အခုထိ လုပ်နေဆဲပါပဲ။ တယောက်နဲ့တယောက် မညီညွတ်မှ DKBA တို့ BGF တို့လိုအုပ်စုတွေဖေါ်ထုတ်ပြီး ဟိုအရင်ခေတ်က အင်္ဂလိပ်လုပ်ခဲ့သလို divide and rule သူတို့အလိုကျ သွေးခွဲအုပ်ချုပ်နိုင်မှာဖြစ်တယ်။ ပျူစောထီးတို့ ပြည်သူ့စစ်တို့အားလုံး အလားတူအဖွဲ့တွေပဲ။ သူတို့ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီတွေ ကိုယ်ကျိုးရှာ သြဇာခံပါတီတွေဆိုတာလည်း ဒါတွေပဲ။
၁၉၆၂ နဲ့ ၁၉၈၈ မှာဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းပွဲတွေကိုကြည့်ပြီး မြန်မာလူထုဟာ စစ်တပ်က တကယ်အာဏာသိမ်းရင် ဘာမှမတတ်နိုင်ဘူး၊ လပိုင်းလောက်ဆူပူမှုတွေဖြစ်မယ်။ ပစ်သတ်နှိမ်နင်းလိုက်ရင် ပြီးသွားမှာပဲလို့ မအလ ဦးဆောင်တဲ့စစ်တပ်ရော အိမ်နီးခြင်းတွေအပါအဝင် နိုင်ငံတချို့ကပါ ယူဆခဲ့တာပါ။
အဲဒီအတွေးအခေါ် တက်တက်စင်မှားသွားခဲ့တယ်။ ၁၉၈၈ နောက်ပိုင်း အရေအတွက်ရော အတွေးအခေါ်ပါ တိုးပွားလာခဲ့တဲ့ Generation Z ခေါ် လူငယ်မျိုးဆက်သစ်နဲ့ ပြည်နယ်တွေမှာရှိပြီးသား တိုင်းရင်းသားအဖွဲ့တွေ ပေါင်းစည်းမိသွားတဲ့အခါ အခုတော့ တော်လှန်ရေးအင်အားစုတွေဟာ မြန်မာ့သမိုင်းမှာအရင်က မရရှိဖူးတဲ့ နယ်မြေတွေကို သိမ်းပိုက်ထားနိုင်ပါပြီ။ မင်းအောင်လှိုင် လည်း ဆီးရီးယားအာဏာရှင်သမ္မတဟောင်း အာဆတ်လို လေယာဉ်ပျံနဲ့ ရုရှားကိုထွက်ပြေးတော့မှာလားလို့ လူတွေက ခန့်မှန်းပြောဆိုကြတဲ့ အဆင့်ကို ရောက်ရှိနေပြီ။
ဒါပေမယ့် မင်းအောင်လှိုင်ဟာ တရုတ်နဲ့ ရုရှားအပါအဝင် နိုင်ငံတချို့ရဲ့ အကူအညီနဲ့ အာဏာကို သူတို့အုပ်စု ဆက်ပြီးရယူထားနိုင်မယ်လို့ ထင်မြင်နေဆဲ ဖြစ်နိုင်ပါတယ်။ တရုတ်နဲ့ ရုရှားကလည်း သူတို့လိုအာဏာရှင်တွေကိုတော်လှန်ပြီး ထွန်းသစ်လှပတဲ့ဒီမိုကရေစီနိုင်ငံတခု ဒီကမ္ဘာမှာ ပေါ်ထွက်လာမှာကို ဘယ်လိုနည်းနဲ့မှ လိုလားမှာမဟုတ်တဲ့အတွက် မင်းအောင်လှိုင်စစ်တပ်ကို အစွမ်းကုန် ဆက်ပြီးကူညီနေဦးမှာပါပဲ။
အခုအချိန်မှာ တောင်ပေါ်မြေပြန့် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံဟာ မြန်မာ့သမိုင်းမှာ မရှိဖူးတဲ့ ညီညွတ်မှု၊ နားလည်မှုနဲ့ တက်ကြွမှုတွေကို ရရှိနေပါပြီ။ ဒါပေမယ့် ကျနော်တို့ ရင်ဆိုင်နေရတဲ့ အာဏာရှင်အုပ်စုဟာ သူတို့ရှင်သန်ရေးအတွက် ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင် မကျန် ဘယ်သူ့ကိုမှသူတို့ ညှာတာမှာ မဟုတ်ဖူးဆိုတာကို သတိထားဖို့ လိုပါတယ်။ ဒါတွေကို ကျော်ဖြတ်ဖို့နည်းလမ်းက တခုတည်းပဲ ရှိတယ်။ တော်လှန်ရေးသမားအချင်းချင်း အကြွင်းမဲ့ ပေါင်းစည်းခြင်းပါပဲ။ ကျနော်တို့အချင်းချင်း ပြဿနာတွေရှိတာပေါ့။ နောက်လည်း ရှိဦးမှာပဲ။ တကယ်တော့ အချင်းချင်း ပြဿနာရှိတာဟာ ပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိ ပယောဂတွေကို ကျော်လွှား၊ သံသယတွေ ဘေးဖယ်ပြီး တညီတညွတ်တည်း စုပေါင်းရုန်းကန်ကြမှသာ ကျနော်တို့ ရှင်သန်ကြတော့မှာဖြစ်ပါတယ်။
အခုအချိန်မှာ အတ္တတွေ၊ မာနတွေ၊ သဘောထားကျဉ်းမြောင်းမှုတွေကို လအနည်းငယ်လောက်ဖြစ်ဖြစ် မေ့ထားလိုက်ကြပါ။ ကျနော်တို့ နှလုံးသားတွေဟာ ဒီထက် ကြီးမြတ်ကြပါတယ်။ ရန်တိုက်ပေးတိုင်း၊ အမြင်မတူတိုင်း သွေးကွဲနေမယ့် နလပိန်းတုန်းတွေလည်း မဟုတ်ကြပါဘူး။ ရန်သူက သပ်လျှိုသွေးခွဲမှုတွေနဲ့ သူတို့အသက်ရှင်ဖို့နောက်ဆုံးကြိုးစားနေချိန်မှာ အဲဒီ ထောင်ချောက်ထဲကို ကျနော်တို့ မဝင်မိကြပါစေနဲ့။ ကျနော်တို့ရဲ့ အဓိကနဲ့ တခုတည်းသောရန်သူက စစ်အာဏာရှင်အုပ်စုပါ။ အချင်းချင်း မိတ်ဖက်ပြသနာကို ရန်သူအားရအောင် မလုပ်မိကြဖို့ လိုပါတယ်။ နံမည်မျိုးစုံနဲ့တော်လှန်အင်အားစုတွေ တကွဲတပြား သီးခြားရပ်တည် နေကြတာကို မင်းအောင်လှိုင်အုပ်စုက အင်မတန်ကျေနပ်နေမှာဖြစ်တယ်။
ဒီရက်ပိုင်းအတွင်း တော်လှန်ရေးအဖွဲ့ငယ်တွေအုပ်စုဖွဲ့ပေါင်းစည်းကြတဲ့သတင်းတွေထွက်လာတာဟာ ဝမ်းသာစရာပါ။ ဒါပေမယ့် အဲဒီလို အင်အားပိုကြီးလာတဲ့ အုပ်စုတွေဟာ NUG နဲ့ ERO တွေကို စနစ်တကျချိတ်ဆက်နိုင်ဖို့လိုပါတယ်။ တော်လှန်ရေးဟာ ERO တွေ၊ ABSDF, BPLA, PLA တို့လို အင်အားအတော်အတန်ရှိတဲ့တော်လှန်အင်အားစုတွေနဲ့ NUG အကြားပူးပေါင်းဆောင်ရွက်မှုကြောင့် ဒီကနေ့ ရှင်သန်အောင်မြင်နေတာဖြစ်ပါတယ်။ ဒါကိုဒေသအလိုက်တည်ရှိနေတဲ့ တော်လှန်ရေးအဖွဲ့ငယ်တွေအနေနဲ့ သဘောပေါက်ဖို့ လိုပါတယ်။ တော်လှန်ရေးစတင်ချိန်ကလို မိမိနယ်မြေတခုတည်းကို စိုးမိုးနေလို့ မဖြစ်တော့ပါဘူး။
တဖက်မှာလည်း အဲဒီအင်အားစုတွေကို နားလည်သဘောပေါက်အောင် NUG နဲ့ ERO တွေအနေနဲ့ သူတို့ကို ပိုမိုထိတွေ့ဖို့လိုပါလိမ့်မယ်။ တော်လှန်ရေးတိုင်းမှာ အနည်းနဲ့အများရှိတဲ့ အားနည်းချက်တွေ၊ ပြသနာတွေကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ဖြေရှင်းနိုင်ဖို့ ကြိုးစားသင့်ပါတယ်။
တော်လှန်ရေးအဖွဲ့တွေအတွင်းက အရည်အချင်းညံ့ဖျင်းတဲ့ ခေါင်းဆောင်အနည်းအကျဉ်းကြောင့် PDF လူငယ်တွေအပါအဝင် ပြည်သူတချို့နစ်နာမှု၊ အသက်ဆုံးမှုတွေအတွက် တရားမျှတမှုကို မုချဖေါ်ဆောင်ရမှာပါ။ ဒါပေမယ့် အခုအချိန်မှာ အဲဒီကိစ္စတွေအတွက်နဲ့ တော်လှန်ရေးကို နှောင့်နှေးကြန့်ကြာလို့တော့ မဖြစ်ပါဘူး။ အချိန်က ကျနော်တို့ကို မစောင့်ပါဘူး။
ဘာတွေ ဘယ်လိုပဲဖြစ်စေ။ လက်ရှိပြသနာကို ကျနော်တို့ တောင်ပေါ်မြေပြန့်နေ မြန်မာပြည်သူတရပ်လုံးက ကျော်လွှားကြရတော့မှာပါ။ မအလမှာ ရွေးစရာတခြားနည်းမရှိတော့သလို ကျနော်တို့မှာလည်း တခြားနည်းလမ်း ကင်းမဲ့သွားပါပြီ။ ဘယ်ဖက်ကမှ နောက်ကြောင်းပြန်လှည့်လို့ မရတော့ပါဘူး။
လက်ရှိ တရုတ်အစိုးရရဲ့ လှုပ်ရှားမှုကိုကြည့်ပါ။ လားရှိုးကို ဇွန်လမှာ စကစ ပြန်ဝင်မယ်ပြောပြီး ဧပြီမှာဝင်တယ်။ TNLA အပါအဝင် တခြား တိုင်းရင်းသားအဖွဲ့တွေကို ဆက်တိုက်ဖိအားပေးတယ်။ မြေငလျင်ကြောင့် ရရှိလာတဲ့ အခွင့်အရေးကို အသုံးချပြီး နိုင်ငံတကာ မျက်နှာစာမှာ မြန်မာ့အရေးကို သူတို့နိုင်ငံက ထိထိရောက်ရောက် လျှင်လျှင်မြန်မြန် ကူညီဖြေရှင်းနိုင်တယ်လို့ အကွက်ဖေါ်တယ်။ ဒါတွေအားလုံးကို ကျနော်တို့မြင်ဖို့လိုတယ်။
တပြိုင်နက်မှာပဲ တရုတ်ခေါင်းဆောင်တွေကိုလည်း ကျနော်တို့က သူတို့အမြင်မှားနေတယ်၊ လူထုကို ဥပက္ခာ ပြုရင် သူတို့မျှော်မှန်းသလိုဖြစ်လာမှာ မဟုတ်တဲ့အပြင် မြန်မာပြည်သူတွေရဲ့ ရာသက်ပန်မုန်းတီးမှုနဲ့သာ အဆုံးသတ်လိမ့်မယ်၊ မင်းအောင်လှိုင်ကို အကာအကွယ်ပေးရုံနဲ့ သူတို့အကျိုးစီးပွားကို ကာကွယ်နိုင်မှာမဟုတ်ဘူးဆိုတာ နည်းစုံသုံးပြီး အထင်အရှား အသိပေးဖို့လိုတယ်။
လက်ရှိမှာ တရုတ်အစိုးရက တိုင်းရင်းသားတွေကို တဖွဲ့စီခွဲထုတ်ပြီး စစ်ကောင်စီနဲ့ အပေးအယူလုပ်ဖို့ ဖိအားပေးနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တော်လှန်ရေးခေါင်းဆောင်တဦးက မင်္ဂလာရှိတဲ့သတင်းတခု ကျနော့်ကို ဒီရက်ပိုင်း ပြောပါတယ်။ မိမိတို့တော်လှန်အင်အားစုတွေ တညီတညွတ်တည်းရှိကြတယ်၊ မိမိတို့ကို သွေးခွဲလို့မရပါဘူးဆိုတာကို တရုတ်အစိုးရနားလည်အောင် ပြောကြမယ်ဆိုတဲ့ ရပ်တည်ချက်ပါပဲ။ အခုမေလ ၄ ရက်နေ့ TNLA သတင်းစာရှင်းပွဲမှာ တာဝန်ရှိသူတွေ ထုတ်ပြန်ပြောဆိုခဲ့တဲ့ ရပ်တည်ချက်တွေဟာလည်း အလားတူပါပဲ။ NUG နဲ့ မြောက်ပိုင်းသုံးဖွဲ့အပြင် တခြား ချင်း၊ ကချင်၊ ကယား (ကရင်နီ)၊ ပအို့ဝ်၊ မွန်၊ ကရင်တော်လှန်ရေးအင်အားစုတွေအကြား ညီညွတ်ရေးနဲ့အတူ စစ်ရေးတိုးတက်မှုတွေကို ကျနော်တို့ ဒီရက်ပိုင်း သိသိသာသာ မြင်ရတာဟာလည်း အားတက်စရာပါ။ မကြာခင်ကတင် KIA နဲ့ NUG ခေါင်းဆောင်တွေ ထိပ်သီးဆွေးနွေးပွဲတခုပြုလုပ်ပြီး နားလည်မှုတွေ ထပ်မံခိုင်မာခဲ့တယ်လို့ သိရပါတယ်။ ဒီအတောအတွင်းမှာပဲ ERO တွေနဲ့လက်တွဲခဲ့တဲ့ ကျနော်တို့ PDF တွေလည်း ၄ နှစ်သက်တမ်းအတွင်း စွမ်းရည်အများကြီး ထက်လာခဲ့ကြပြီ။ တော်လှန်ရေးမုန်တိုင်းဟာ အရှိန်ပြင်းပြင်း တိုက်နေပြီဖြစ်ပါတယ်။
တကယ်တော့ မင်းအောင်လှိုင် အုပ်စုဟာ လက်ရှိအခြေအနေအတိုင်းကြာလာရင် သူတို့ပိုနာမယ် ဆိုတာသိပါတယ်။ သူတို့ရဲ့ စစ်သားစုဆောင်းရေးက လက်တွေ့မှာ အလုပ်မဖြစ်ပဲ ဝန်ထုပ်ဝန်ပိုး ဖြစ်နေသလို ငလျင်ဒဏ်ကြောင့် ရုပ်ပိုင်း၊ စိတ်ပိုင်းပျက်စီးမှု အရမ်းကြီးမားခဲ့တော့ တော်လှန်အင်အားစုတွေဖက်က မမျှော်လင့်ပဲ မြန်မြန်အသာစီးရလာနေတယ်။ ဒီအချိန်မှာ အားသာချက်တွေအပေါ် သာယာမနေပဲ ကျနော်တို့ တော်လှန်အင်အားစုတွေဖက်က တတ်နိုင်သမျှ မြန်မြန် လှုပ်ရှားဖို့လိုတယ်။ အသွင်ကူးပြောင်းရေးကာလ အစိုးရ အမြန်ဆုံးပေါ်ထွက်လာရင် လူထုအင်မတန်အားရှိမှာဖြစ်ပါတယ်။
ကံကောင်းတာကတော့ လက်ရှိမှာ စစ်ရေးနိုင်ငံရေးချိန်ခွင်လျှာက ကျနော်တို့ဖက်မှာ ရောက်နေတာပါ။ ဒီနောက်ဆုံးတိုက်ပွဲကိုသာ ကျနော်တို့ညီညွတ်စွာရုန်းကန်လိုက်ရင် နိုင်ငံတခုလုံး တမဟုတ်ခြင်း အကြီးအကျယ် ပြောင်းသွားပြီး အာဏာရှင်စနစ်ဟာ မြန်မာ့နိုင်ငံရေးဇတ်ခုံပေါ်မှာ ကားလိပ်ချရတော့မှာပါ။ တကယ်ပြောရရင်တော့ အဲဒီထက်ပိုပါတယ်။ ဒါဟာ ဘရောဒ့်ဝေးက ပြဇတ်တခုမဟုတ်တဲ့အတွက် သူတို့ကဖြစ်စေ ကျနော်တို့ကဖြစ်စေ နောက်တကြိမ်ထပ်ပြီး ကပြဖို့ မဖြစ်နိုင်တော့ပါဘူး။ အခုအချိန်မှာ အဆိုးဝါးဆုံး သောကဆင်းရဲတွေကို ခါးစည်းခံနေရတဲ့ မြန်မာလူထုကတော့ သူတို့အဓိက လိုချင်နေတဲ့ ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေးနဲ့ လူမှုသောကတွေက လွတ်ကင်းရေးအတွက် အရာရာကိုပေးဆပ်ဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။
နိဂုံးချုပ်ရရင်တော့ တိုင်းပြည်ရဲ့ အနာဂတ်ဟာ ပြည်တွင်းပြည်ပနေ မြန်မာပြည်သူလူထုတရပ်လုံးရဲ့ လက်တွင်းမှာ ကျရောက်နေပါပြီ။ မြန်မာပြည်ဟာ ကျနော်တို့ နောက်နောင်ဘယ်သောကာလမှာမှ ပြန်လည် မရောက်ရှိနိုင်တော့တဲ့ သမိုင်းအချိုးအကွေ့ကို အခု ရောက်ရှိနေပြီဖြစ်ပါတယ် ခင်ဗျာ။ ။

Send a message to learn more

Address

600 Orrin Street
Vienna, VA
22180

Telephone

+17038614529

Website

Alerts

Be the first to know and let us send you an email when The Burma Guardian posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Burma Guardian:

Share