03/10/2026
▪ အိုးထရက်ဖို့ဒ်အနာဂတ်တွေမှာ
ကာရစ်နာမည် ပါသင့်၊ မပါသင့်
ဒီမေးခွန်းက အပတ်တိုင်းဖြေနေရမှာလားလို့ ကာရစ်က အရွှန်းဖောက်တယ်။ Permanent manager အဖြစ် သူဆက်ရှိသင့်၊ မရှိသင့်ဆိုတာ စိတ်ဝင်စားစရာ ခေါင်းစဥ်တပုဒ်ဖြစ်လာပြီး သူတည့်မတ်ပြောင်းလဲပေးခဲ့တဲ့ ရလဒ်ပိုင်းနဲ့ အသင်းရဲ့ကစားဟန်ဟာ ဒီမေးခွန်းရဲ့ အဖြေကို အကောင်းဘက်က မြင်လာစေခဲ့တယ်။ ယူနိုက်တက်မန်နေဂျာရာထူးဆိုတာ ဖိအားတွေသိပ်များတဲ့၊ အာရုံစိုက်မှုတွေ အချိန်ပြည့် ဝန်းရံနေတဲ့ ထိုင်ခုံပူပူလို့ သတ်မှတ်နိုင်ပါတယ်။ ဒီအသင်းဟာ အောင်မြင်နေချိန်မှာရော ကျဆုံးနေချိန်မှာတော့ လူစိတ်ဝင်စားစရာတော့ အမြဲဖြစ်နေခဲ့တာပဲ။ ပုံရိပ်ကကြီးမားလွန်းတော့ အချိန်ပြည့်မလိုအပ်တဲ့အပိုဆာဒါးဒရာမာတွေ ပြည့်နှက်နေတာကိုလည်း ကြုံရမယ်။ ကွင်းတွင်းစွမ်းဆောင်ရည်၊ အောင်မြင်မှုဆိုတာတွေရဲ့ အပြင်ဘက်မှာ ဖိအားတွေကပုံစံအမျိုးမျိုးနဲ့ စောင့်ကြိုနေတယ်။ ကာရစ်ဟာ ဒီအလုပ်အတွက်သင့်တော်တဲ့သူလို့ သတ်မှတ်နိုင်ပြီလား၊ အကြီးအကဲတွေ ဘယ်လိုတွေးနေလဲ၊ လက်ရှိကစားသမားတွေရဲ့ သူ့အပေါ်သဘောထား၊ ကျယ်လောင်နေကျ ကစားသမားဟောင်းတွေရဲ့ အမြင်.. စသဖြင့် ဘယ်လိုရှိနေလဲ၊ အသင်းရဲ့လာမယ့်ရာသီအတွက် ပြင်ဆင်မှုနဲ့ ဘက်ဂျက်အနေအထားကရော အခြားရွေးချယ်စရာတွေဆီ ဦးတည်သွားနိုင်မလား ဒါတွေကို လေ့လာသုံးသပ်ကြည့်ရအောင်ပါ ။
လက်ရှိတိုးတက်ပြောင်းလဲလာတဲ့ အသင်းရဲ့ ကွင်းတွင်းခြေစွမ်းကို အရင်ဆုံးတူးဆွကြည့်မယ်။ ကာရစ်ကိုင်တွယ်ခဲ့တဲ့ ၈ ပွဲမှာ ၆ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးဆိုတဲ့ရလဒ်မျိုးထွက်ထားတယ်။ ဒီကာလအတွင်း ပရီးမီးယားလိဂ်မှာ ရမှတ်အများဆုံးအသင်းအဖြစ် ရပ်တည်နေတယ်။ သူစတင်ကိုင်တွယ်ချိန်မှာ ယူနိုက်တက်ဟာ အဆင့် ၃ နေရာက အက်စ်တွန်ဗီလာနဲ့ ကိုးမှတ်အကွာ အဆင့် ၇ နေရာမှာရှိခဲ့ရာကနေ ခုဆိုရင် ရမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ အက်စ်တွန်ဗီလာကိုတောင် ကျော်တက်နိုင်ခဲ့ပြီ။ အသင်းရဲ့ ကစားပုံက ကျစ်လစ်တည်ငြိမ်လာခဲ့ပြီး Build-up, Porgression, Attacking the final third.. phase တွေအားလုံးမှာ ရှင်းလင်းပြတ်သားတဲ့ အိုင်ဒီယာနဲ့ ပုံဖော်မှုတွေကို မြင်တွေ့ လာရတယ်။ တိုက်စစ်ကစားသမားတွေရဲ့ Rotation နဲ့ Fluidity ကြောင့် တိုက်စစ်ပုံဖော်မှုက ပိုပြီးအားကောင်းလာတယ်။ ဘရူနို၊ မိန်းနူးတို့နဲ့အတူ နီးနီးကပ်ကပ်ရွေ့လျားရင်း Central combination တွေကို ဗဟိုပြုတယ်။ ဗဟိုခံစစ်မှုးတွေဆီက Line-breaking pass တွေကို ပိုမြင်လာရပြီး ဒီလိုကစားကွက်တည်ဆောက်မှုအတွက် လီဆန်ဒရိုမာတီနက်ဇ် ဒဏ်ရာရသွားတာနှမြောစရာပါပဲ။ Out of possession မှာ Mid-block, Low-block အလျဥ်းသင့်သလို သုံးတယ်။ ပုံစံနှစ်မျိုးစလုံးကို ပီပြင်အောင်ပုံဖော်နိုင်ဖို့အတွက် ကတ်စီမီရို-မိန်းနူးအတွဲက ဦးဆောင်ထားတယ်။ ပွဲတိုင်းမှာ ပုံစံကောင်းကို ဆက်တိုက်မပြသနိုင်သေးဘူးဆိုရင်တောင် အသင်းရဲ့ ဟန်ချက်ညီလာတဲ့ Shape,structure ဟာ ကာရစ်ယူဆောင်လာတဲ့ အပေါင်းလက္ခဏာတွေပါပဲ။ လိုအပ်ချက်ရှိနေတဲ့ တချို့အပိုင်းလေးတွေက လက်ရှိလူစာရင်းရဲ့ ဟာကွက်တွေ (ဥပမာ-ဘယ်တောင်ပံနေရာ)ကြောင့်လို့ဆိုနိုင်ပြီး ကာရစ်ဟာ ရှိရင်းစွဲလူစာရင်းဆီက အကျစ်လစ်ဆုံးပုံစံကို ညှစ်ထုတ်ယူထားနိုင်ခဲ့တယ်။
ဆာဂျင်ရက်ကလစ်ဖ်နဲ့ ဘုတ်အဖွဲ့ဝင်တွေ ကာရစ်ကိုရွေးချယ်ခဲ့တဲ့အကြောင်းအရင်းက ကစားသမားဟောင်းတယောက်ဖြစ်တာကြောင့် အသင်းရဲ့ အလုပ်လုပ်ပုံကို ကောင်းကောင်းနားလည်ထားတာ၊စကားအပိုတွေမပြောပဲ တည်တည်ငြိမ်ငြိမ် ကိုယ့်အလုပ်ကိုယ်လုပ်နေသူဖြစ်တာ.. ဒီအကြောင်းအရင်းတွေကြောင့်ပဲ။ သူတို့ဘက်က ရာသီကုန်အထိ စောင့်ကြည့်သွားဖို့ ပြင်ထားပြီး ခပ်လောလောဆုံးဖြတ်ချက်တွေ ချဖို့ မရှိဘူး။ နွေရောက်တဲ့အခါ ကာရစ်ထက် ပိုပြီးပုံရိပ်မြင့်တဲ့၊ အနာဂတ်ပရောဂျက်တွေမှာ ပိုပြီးစိတ်ချရမယ့် Box office Manager တယောက်ယောက်ကို ရွေးချယ်တာမျိုးလည်း ဖြစ်နိုင်သေးတာကိုး။ ကစားသမားဟောင်းတွေဖြစ်တဲ့ ရွိုင်ကိန်း၊ ဂယ်ရီနဗီးလ်တို့ကလည်း ဒီအမြင်အတိုင်း ရှိကြတယ်။ ကာရစ်ရဲ့ ပထမဆုံး ပွဲဦးထွက် မန်ချက်စတာဒါဘီကို ဆာအဲလက်စ်နဲ့အတူလာကြည့်ခဲ့တဲ့ ဗီဒစ်က အိုးထရက်ဖို့ဒ်မှာ ဒီလို enetgy မျိုးကို မခံစားရတာကြာပြီလို့ဆိုတယ်။ အသင်းဖော်ဟောင်းရဲ့ တည်ငြိမ်ရင့်ကျက်တဲ့ Personality ကို ချီးကျူးခဲ့တယ်။ အင်ဒီကိုးလ်ကလည်း ဒီအတိုင်းပဲ ပြောတယ်။ နောက်ထပ် ကာရစ်ကို ရွေးချယ်သင့်တဲ့ အကြောင်းအရင်းက ထိပ်တန်းနည်းပြတွေထက် ကုန်ကျစရိတ်ပိုနည်းမယ်ဆိုတာပဲ။ ယူနိုက်တက်ဟာ ဒီဘက်နှစ်တွေမှာ နည်းပြရာထူးအတွက် ကုန်ကျစရိတ် သိပ်များလွန်းခဲ့တယ်။ ရူဘန်အမော်ရင်ကို စပို့တင်းလစ္စဘွန်းကနေ ခေါ်ယူဖို့ ပေါင် ၁၁ သန်းသုံးခဲ့ရပြီး ထုတ်ပယ်ချိန်မှာလည်း နစ်နာကြေး ပေါင် ၁၅.၉ သန်း ပေးချေခဲ့ရတယ်။ တန်ဟက်ဂ်ကို ထုတ်ပယ်တုန်းကလည်း ပေါင် ၁၀ သန်းဝန်ကျင် ကုန်ကျတယ်။ မော်ရင်ဟိုလမ်းခွဲမှာ အသုံးပြုခဲ့ရတဲ့ ပေါင် ၁၉.၆ သန်းကတော့ အသင်းသမိုင်းမှာ အမြင့်ဆုံး Settlement fee ဖြစ်ခဲ့တယ်။ မပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ၊ လွဲချော်သွားတဲ့ ရွေးချယ်မှုတွေဟာ ဒီလောက်အလေအလွင့်များစေခဲ့တယ်။ ဆိုတော့ ဒီတကြိမ်မှာ ပါးပါးနပ်နပ်လှုပ်ရှားနိုင်ဖို့လိုပါတယ်။ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဒါမှမဟုတ် အသင်းလက်မဲ့နည်းပြတွေကို ခေါ်ရင်သက်သာနိုင်ပေမယ့် စာချုပ်သက်တမ်းကျန်နေသေးတဲ့နည်းပြကို လိုချင်ရင် ပိုအကုန်အကျများမယ်။
ကာရစ်ကတော့ High profile နည်းပြတွေထက်စာရင် လုပ်ခလစာပေးချေမှုအပိုင်းမှာလည်း ပိုသင့်တော်တဲ့ ရွေးချယ်စရာ ဖြစ်နိုင်ပါတယ်။ နွေရာသီမှာ ယူနိုက်တက်အတွက် ဘက်ဂျက်ကို စနစ်တကျခွဲခြမ်းစိတ်ဖြာဖို့ လိုအပ်နေသေးတယ်မဟုတ်လား။ လက်ရှိလူစာရင်းရဲ့ ဟန်ချက်မညီတဲ့ ကွက်လပ်နေရာတွေကို ဖြည့်တင်းဖို ငွေသုံးရဦးမယ်။ ကွင်းလယ်နေရာအတွက် အဲလိယော့အန်ဒါဆန်၊ ဘာလီဘာ ဘယ်သူ့ကိုပဲဝယ်ဝယ် ပေါင်သန်း ၈၀-၁၀၀ ကြားသုံးမယ်။ လုခ်ရှောရဲ့ကြံ့ခိုင်မှုကြောင့် ဒေါင်ဒေါင်မြည် ဘယ်နောက်ခံလူတစ်ယောက်လိုမယ်။ ဘယ်တောင်ပံမှာ ဒေါ်ဂူ၊ ကွန်ညာတို့ပဲ ရှိနေပြီး Winger တယောက်ထပ်မဖြည့်ဘူးဆိုရင် လုံလောက်မယ်မထင်။ မက်ဂွိုင်းယား စာချုပ်သက်တမ်းမတိုးဖြစ်ရင်လည်း ဗဟိုခံစစ်မှုးတယောက်ထပ်ရှာရမယ်။ ဆိုတော့ ငွေက ကုန်ဦးမှာပဲ။ ရာသီကြိုပြင်ဆင်မှုတွေအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရမရဆိုတာကလည်း အရေးကြီးတယ်။ ဥရောပရဲ့ အဆင့်မြင့်ဆုံးပြိုင်ပွဲက ဝင်ငွေဟာ ယူနိုက်တက်အတွက် ဂယ်ပေါက်ဖြစ်လာနိုင်တယ်မဟုတ်လား။ ကာရစ်ရဲ့ ရာထူးကလည်း ရာသီကုန်ရပ်တည်မှုအပေါ် မူတည်ပြီး ဆုံးဖြတ်ရမယ့် အခြေအနေပါပဲ။ လက်ကျန်ပွဲစဥ်တွေမှာ လက်ရှိ Form ကို ဆက်ထိန်းထားနိုင်မလားစောင့်ကြည့်ရမယ်။ စိန့်ဂျိမ်းပါ့ခ်မှာ ပထမဆုံးအရှုံးကိုကြုံလိုက်ရတော့ ကာရစ် တည်တည်ငြိမ်ငြိမ်တုံ့ပြန်နိုင်မလား၊ အသင်းကို ပြန်ပြီးတည့်မတ်နိုင်မလားဆိုတာက လက်ကျန်ရာသီကို အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။ လုခ်ရှော ဒဏ်ရာသိပ်မကြာဖို့ မျှော်လင့်ရမယ့်အနေအထားဖြစ်ပြီး အတွင်းကို Cut inside လုပ်သွားမယ့်ကွန်ညာအတွက် မာဇရာဝီက Overlapping run တွေအဆက်မပြတ်ပြုလုပ်နိုင်တဲ့ Attacking fullback တယောက် မဟုတ်ဘူးကိုး။ ဒီလို Profile လိုအပ်ချက်တွေက ကာရစ်ရဲ့ စီမံနိုင်စွမ်းကို စာမေးပွဲစစ်မှာပါ။ အရှိန်နဲ့ ဆက်တိုက်လိမ့်ရမယ့်အချိန်တွေမှာ ပွဲတွေဆက်တိုက်ကစားခွင့်မရတာက နည်းနည်းစိုးရိမ်စရာကောင်းမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကစားသမားတွေက ကာရစ်ရဲ့လေ့ကျင့်ရေးကွင်းနည်းနာတွေ၊ ရိုးရှင်းထိရောက်တဲ့နည်းဗျူဟာညွှန်ကြားမှုတွေအပေါ် ယုံကြည်မှုအပြည့်ရှိနေကြတော့ အသင်းဟာ အရမ်းတော့ပုံပျက်မသွားနိုင်ဘူးလို့ မျှော်လင့်ရတယ်။ ဘရူနို၊ မိန်းနူးတို့ရဲ့ အကောင်းဆုံးပုံစံကို ပြန်ညှစ်ထုတ်ယူနိုင်ခဲ့သလို ဆက်စ်ကို,ကိုပါ အသက်သွင်းထားနိုင်တဲ့ ကာရစ်ရဲ့ နည်းဗျူဟာအခင်းအကျင်းက လိုအပ်ချက်တချို့ရှိနေသေးပေမယ့် ကျစ်လစ်တယ်လို့ သတ်မှတ်နိုင်ပါတယ်။ နွေရာသီစျေးကွက်ထဲ ထိပ်တန်းနည်းပြတွေ ပြန့်ကျဲလာမယ်ဆိုရင် ယူနိုက်တက်ဟာ စောင့်ကြည့်လှုပ်ရှားသင့်သေးတယ်ဆိုပေမယ့် လက်ကျန်ရာသီကို ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ အဆုံးသတ်နိုင်ခဲ့ရင်တော့ ကာရစ်ဟာ ယူနိုက်တက်ရဲ့ Permanent Manager ရာထူးနဲ့ထိုက်တန်ပြီလို့သတ်မှတ်ရမှာဖြစ်ကြောင်းပါ.. ။