09/24/2025
အာတေတာရဲ့ Handbrake
အာဆင်နယ်ရဲ့ ဆုဖလားအိပ်မက်
▪ 90minCorner
အာဆင်နယ်က ပွဲစဥ် ၅ အပြီးမှာ ရာနှုန်းပြည့်ရှေ့ဆက်နေတဲ့ လီဗာပူးလ်ရဲ့နောက် ၅ မှတ်အကွာ ဒုတိယနေရာမှာ စပါး၊ ဘုန်းမောက်တို့နဲ့ ပူးတွဲရပ်တည်နေတယ်။ ယူနိုက်တက်၊ လိဒ်စ်ယူနိုက်တက်၊ နော်တင်ဟမ်ဖောရက်စ်တို့ကို နိုင်ခဲ့ပေမယ့် အဓိကပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးလ်၊ မန်စီးတီးတို့နဲ့ တွေ့ ဆုံမှုတွေမှာ တစ်မှတ်သာရခဲ့တယ်။ လီဗာပူးလ်နဲ့ စောစောစီးစီးတွေ့ချိန်မှာ အာနေးဆလော့ရဲ့ အသင်းဟာ အကောင်းဆုံးဗားရှင်းကို မရောက်သေးဘူးဆိုတာ ရှေ့ပွဲစဥ်တွေမှာ အကြိမ်ကြိမ်မြင်ခဲ့ရတယ်။ ခံစစ်က အားနည်းချက်တွေရှိနေတယ်။ ပွဲတွေကို ထိန်းချုပ်ဖို့ ခက်ခက်ခဲခဲရုန်းကန်နေရတယ်။ ဆိုတော့ ဒါဟာ သူတို့ကို အခက်တွေ့အောင်ဖန်တီးနိုင်ဖို့ အသင့်တော်ဆုံးအချိန်အခါလို့ မဆိုနိုင်ဘူးလား။ ပြိုင်ဘက်က မတည်ငြိမ်သေးခင်မှာ ဒီရာသီအားပြိုင်မှုဟာ မနှစ်ကထက် ပိုကြမ်းတမ်းမှာဖြစ်တဲ့အကြောင်း သတိမပေးလိုက်ချင်ဘူးလား။ အာတေတာကတော့ ထုံးစံအတိုင်း Cautious approach ကိုပဲရွေးချယ်ခဲ့တယ်။ ထားပါတော့။ ဒါက အန်ဖိီးလ်ဆိုတော့ နားလည်ပေးလို့ရတယ်။ မန်စီးတီးနဲ့ထပ်တွေ့ တော့လည်း အာဆင်နယ်က ပိုတောင့်တင်းတဲ့ Squad depth / ပိုဟန်ချက်ညီနေတဲ့ Form မျိုးနဲ့ ။ မန်စီးတီးက ဘရိုက်တန်၊ စပါးတို့ကိုရှုံးထားပြီး ပြဿနာဟောင်းတွေကြားထဲက ရုန်းထွက်ဖို့ကြိုးစားနေရတဲ့အသင်း။ အိမ်ကွင်းမှာ သုံးမှတ်အပြည့်ယူဖို့ အကောင်းဆုံးအချိန်ပါပဲ။ ဒီပွဲကိုရော အာတေတာ ဘယ်လိုချဥ်းကပ်ခဲ့လဲ။ ပွဲထွက်လူစာရင်းမှာပဲ အဖြေကိုထင်ထင်ရှားရှားမြင်နိုင်ခဲ့ပါတယ် ။
ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်က ဒဏ်ရာပြဿနာတွေကြားထဲ လုံးလည်ခြာလည်လိုက်နေခဲ့တယ်။ အဓိက,ကစားသမားတွေတယောက်ပြီး တယောက် အလှည့်ကျဒဏ်ရာရနေတော့ အာတေတာလည်း လုပ်ရကိုင်ရခက်ပါတယ်။ ကိုင်ဟားဗက်ဇ်၊ ဂျေးဇုတို့ကိုလက်လွှတ်လိုက်ရတဲ့ ဇန်နဝါရီမှာလည်း တိုက်စစ်မှုးသစ်ရှာပုံတော်က ရုပ်လုံးမပေါ်ခဲ့တော့ မီရီနိုကို Makeshift striker အဖြစ် သုံးရတဲ့အထိပေါ့။ ပီအက်စ်ဂျီနဲ့ ကွာတားဖိုင်နယ်မှာ ဂိုးလိုအပ်လာတဲ့အချိန် အာတေတာအတွက် အပြောင်းအလဲလုပ်စရာ အရန်ခုံတန်းမှာ စီနီယာဆိုလို့ စတာလင်တစ်ယောက်ပဲရှိခဲ့ပါတယ်။ ဒီလို မလုံလောက်ခြင်းတွေဟာ အာတေတာပရောဂျက်ကို ပန်းတိုင်ရောက်ဖို့တားဆီးနေတဲ့ အကြောင်းအရင်းဆိုရင် ဒါကိုဖြေရှင်းဖို့ အရေးတကြီးလိုအပ်လာပြီလို့ ဘုတ်အဖွဲ့က သဘောပေါက်ပါတယ်။ အီဒူးနေရာအစားဝင်လာတဲ့ အန်ဒရေဘာတာနဲ့အတူ နွေရာသီစျေးကွက်ထဲ ခပ်သွက်သွက်လှုပ်ရှားခဲ့တယ်။ ဇူဘီမန်ဒီ၊ ကီပါ၊ နော်ဂါ့ဒ်၊ မော့စ်ကယ်ရာ၊ မာဒူအီကီ၊ ယောခရက်စ်၊ အစ်ဇီးနဲ့ ဟင်ကာပီယေတို့ကို ပေါင်သန်း ၂၅၀ ကျော်သုံးပြီး ခေါ်ယူခဲ့တယ်။ လီဗာပူးလ်၊ ချဲလ်ဆီးတို့က အာဆင်နယ်ထက်ပိုသုံးခဲ့ပေမယ့် ကစားသမားရောင်းချမှုတွေကနေ ငွေပြန်ဖော်နိုင်ခဲ့တော့ Net spent မှာ အာဆင်နယ်က အများဆုံးဖြစ်သွားတယ်။ ငွေသုံးကြမ်းတယ်ဆိုတဲ့ သဘောမျိုးပြောချင်မဟုတ်ဘူး။ အာဆင်နယ်ဟာ ကစားသမားရောင်းချမှုနဲ့ Sell-on value ကို ဂရုစိုက်ရမယ့်အပိုင်းတွေမှာ လိုအပ်ချက်ရှိနေသေးတယ်ဆိုတဲ့အကြောင်း၊ အာတေတာဟာ သူ့အတွက် ပြည့်စုံတဲ့ Squad depth ကို အသင်းဘက်ကဖြည့်ဆည်းပေးခဲ့ပြီးပြီဆိုတဲ့အကြောင်း ထောက်ပြချင်တာပါ ။
Squad depth က ဘယ်လောက်အထိ အားကောင်းလာသလဲဆိုရင် Position တစ်ခုစီအတွက် ကစားသမားနှစ်ယောက်လောက် ခင်းကျင်းလို့ ရလာတဲ့အထိပဲ။ A,B နှစ်သင်းခွဲလိုက်ရင် B အသင်းမှာလည်း A ကိုရောက်သင့်တဲ့ ဒေါင်ဒေါင်မြည်ပလေယာတွေပါဝင်နေတုန်းပဲ။ ခုဆိုရင် အိုဒီဂတ်၊ ဆာကာ၊ ကိုင်ဟားဗက်ဇ်တို့မပါဝင်နိုင်ချိန်မှာ အာတေတာရဲ့အသင်းဟာ ဟန်မပျက်ရှေ့ဆက်နေတာကို ကြည့်ရုံနဲ့ Squad depth ရဲ့တောင့်တင်းမှုကို ထင်ထင်ရှားရှားမြင်နိုင်မှာပါ။ နွေရာသီခေါ်ယူမှုတွေကို လေ့လာကြည့်တဲ့အခါ ယောခရက်စ်၊ အစ်ဇီး၊ မာဒူအီကီတို့လို Risk-taker တွေ ပါဝင်လာတာဖြစ်လို့ အာတေတာရဲ့ချဥ်းကပ်မှုဟာ ပိုပြီးတိုက်ရိုက်ဆန်တဲ့ဘက်ကို ဦးတည်သွားမလား စိတ်ဝင်စားခဲ့တယ်။ အနည်းနဲ့ အများပြောင်းလဲသွားတယ်လို့ ဆိုနိုင်ပါတယ်။ ယောခရက်စ်က အနီးကပ်တွဲလုံးတွေ၊ ဝမ်းတူးတွေထက် Channel run တွေ၊ နေရာလွတ်တွေ၊ ပြေးလမ်းကြောင်းရှည်တွေကို အားပြုတဲ့သူဆိုတော့ အသင်းရဲ့ ကစားဟန်မှာ ပိုပြီး Vertical ဆန်တဲ့ ရွေ့လျားမှု၊ ပေးပို့မှုတွေကို မြင်ရတယ်။ အာတေတာလက်ထက်မှာ အာဆင်နယ်က ကိုင်ဟားဗက်ဇ်၊ ဂျေးဇုတို့လို False 9 ဆန်ဆန်တိုက်စစ်မှုးတွေနဲ့ချည်း အသားကျနေခဲ့တာ၊ ယောခရက်စ်ကိုယ်တိုင်ကလည်း Heavy possession ထက် Transition ကိုအားပြုတဲ့ ကစားပေါက်နဲ့ ပိုလိုက်နေတာတွေကြောင့် Adaptation period ကို ဖြတ်သန်းနေရဆဲပါ။
ချဲလ်ဆီးက လက်လွှတ်ဖို့ဆုံးဖြတ်ချိန်မှာ သန်း ၅၀ ဝန်းကျင်အထိ ဒီကစားသမားအတွက်မသုံးသင့်ဘူးလို့ ပရိသတ်တွေယူဆခဲ့တဲ့ မာဒူအီကီက သံသယအကြည့်တွေရှေ့မှာ အလုပ်နဲ့သက်သေပြနေခဲ့တာတော့ ကျေနပ်စရာပဲ။ မာတီနယ်လီ၊ ထရော်ဆက်တို့ကလည်း Packing order မှာနောက်ရောက်လာပေမယ့် လူစားဝင်ခွင့်ရချိန်တိုင်း သူတို့တန်ဖိုးကို သက်သေပြဖို့ကြိုးစားနေကြတယ်။ ဆာကာ၊ အိုဒီဂတ်တို့မရှိပေမယ့် အာတေတာအတွက် တိုက်စစ်စီးဆင်းမှုကို ပိုအားကောင်းစေမယ့် အခင်းအကျင်းမျိုးအတွက် စိတ်ကြိုက်ရွေးချယ်စရာရှိနေတဲ့ အနေအထားပါပဲ။ ဒါပေမယ့် အာတေတာက ခုချိန်ထိပွဲကြီးတွေဆို မရှုံးဖို့ အဓိကထားတဲ့၊ သတိကြီးလွန်းတဲ့ ချဥ်းကပ်မှုမျိုးကို ဆက်လက်ရွေးချယ်နေခဲ့တာပဲ။ လီဗာပူးလ်၊ မန်စီးတီးတို့နဲ့နှစ်ပွဲစလုံး ရိုက်စ်-ဇူဘီမန်ဒီ-မီရီနို ကွင်းလယ်ကို ပွဲထုတ်ခဲ့တယ်။ ဒီအတွဲအဖက်က Ball retention ပိုအားကောင်းမယ်။ Possession recycle ဆက်တိုက်လုပ်နိုင်မယ်။ ဒီအပိုင်းတွေကလွဲရင် အနိုင်ရလဒ်ကိုဦးတည်သင့်တဲ့ပွဲအတွက် ကွင်းလယ်ဟာ Flair / Creativity အပိုင်းတွေမှာ အားနည်းခဲ့တယ်။ မီရီနိုရဲ့ ကစားဟန်က Transition တွေ၊ တန်ပြန်တိုက်စစ်တွေကို ခပ်သွက်သွက် လှုပ်ရှားစတင်ဖို့ဆိုရင် နှေးတယ်၊ လေးတယ်လို့ ပြောရမယ်။ အာတေတာက ပထမပိုင်းအပြီးမှာ အစ်ဇီးကို ချက်ချင်းထည့်လိုက်ပေမယ့် ကိုယ်က စိတ်ကြိုက်မောင်းကစားခွင့်ရနေတဲ့ပွဲရဲ့ ပထမ ၄၅ မိနစ်ကို ဖြုန်းတီးပြီးသွားပြီ။ ပြိုင်ဘက်က ဦးဆောင်ဂိုးပါ ရသွားတဲ့အပြင်ခံစစ်ကို တဆင့်ချင်း ပိတ်ဆို့တည်ဆောက်နေခဲ့ပြီ။
အစ်ဇီးဝင်လာချိန်မှာ တိုက်စစ်လမ်းကြောင်းတွေ ပိုပွင့်လာတာ၊ ကြည့်ရတာ ပိုသွက်လာတာတွေဟာ တိုက်ဆိုင်မှုမဟုတ်ပါဘူး။ ပွဲစကတည်းကသာ ဒီပွဲကိုတော့ သေချာပေါက်အနိုင်ကစားမယ်ဆိုတဲ့ ခံယူချက်မျိုးနဲ့ချဥ်းကပ်ခဲ့ရင်း ပွဲဟာ ဒီလောက်အထိကျပ်တည်းသွားပြီး နာကျင်အချိန်ပိုချေပဂိုးကိုအောင်ပွဲခံရတဲ့ အခြေအနေမျိုးအထိ ရောက်ချင်မှရောက်မှာပေါ့လေ။ မမြင်ရတဲ့ ဖြစ်နိုင်ချေတွေဆိုတော့ အပိုင်တွက်လို့မရပေမယ့်ပေါ့။ မေးခွန်းထုတ်ချင်တာက အာတေတာဟာ ဘယ်တော့များမှ Brave New World ရဲ့ နယ်မြေအသစ်ကို နင်းမလဲဆိုတာပါပဲ။ ပွဲပြီးအင်တာဗျူးမှာ ဒီချဥ်းကပ်မှုအကြောင်းမေးတဲ့အခါ 'Handbrake on ပြီးကစားနေတဲ့အသင်းက မန်စီးတီးကို ဘောလုံးပိုင်ဆိုင်မှု ၃၂% သာရတဲ့အထိ ဘယ်လိုလုပ်ဖိအားပေးနိုင်ပါ့မလဲ' လို့ ခပ်ထေ့ထေ့ဖြေသွားခဲ့တယ်။ ပရိသတ်တွေတောင်းဆိုနေတာက တိုက်စစ်ပြီးရင်းတိုက်စစ် ဂိုးတွေဆက်တိုက်သွင်းပြနေတာမျိုးမဟုတ်ပါဘူး။ ရဲရဲရင့်ရင့်စွန့်စားသင့်တဲ့ပွဲမျိုးတွေမှာ၊ ဖွင့်ကစားသင့်ရင် ကစားရမယ့် Game state တွေမှာ ပိုပြတ်သားတဲ့၊ သတ္တိရှိတဲ့ အသင်းကို မြင်ချင်ကြတာပါ။ ခံစစ်ကို အားပြုလို့ ချန်ပီယံဖြစ်သွားတဲ့အသင်းတွေလည်း သမိုင်းမှာ ရှိခဲ့ဖူးတာပဲ။ ဒါပေမယ့် သူတို့ဟာ ဖောင်ဖျက်သင့်လို့ ဖျက်ရမယ့်အချိန်တွေမှာ တွန့်ဆုတ်မနေခဲ့ကြတာကို သတိပြုစေချင်ပါတယ်။ ငါးနှစ်ကျော် ခြောက်နှစ်ဝန်းကျင်မှာ အာတေတာ တည်ဆောက်ယူခဲ့တဲ့ အသင်းဟာ ဥရောပရဲ့ Elite အလွှာမှာ ရပ်တည်နေတယ်ဆိုတာ အသေအချာပါပဲ။ ဒီလိုအသင်းနဲ့ Major Trophy တွေကြားက အကွာအဝေးဟာ ဘာကြောင့်အခုထိများလဲမေးရင်တော့ အာတေတာကို 'ဒိုင်း'ကို အသုံးပြုရာမှာ တဖက်ကမ်းခတ်ခဲ့ပေမယ့် 'ဓား' ကိုထုတ်ရမယ့်အချိန်တွေမှာ အမြဲနောက်ကျခဲ့တာကြောင့်လို့ပဲ ဖြေရပါလိမ့်မယ်.. ။