RFA Burmese

RFA Burmese http://www.rfa.org/burmese/
Ph: (+1) 202-530-4900
Email: [email protected]

Radio Free Asia (RFA) is a private, nonprofit corporation that broadcasts news and information to listeners in Asian countries where full, accurate, and timely news reports are unavailable.

ကန့်ကွက်မှုနောက်ပိုင်း စစ်တပ်ခန့်အစိုးရ အိမ်ရှင်လုပ်မယ့် အာဆီယံ သဘာဝပတ်ဝန်းကျင်အစည်းအဝေး ပုံစံပြောင်းကျင်းပ ~~~စစ်တပ်ခန့...
09/11/2026

ကန့်ကွက်မှုနောက်ပိုင်း စစ်တပ်ခန့်အစိုးရ အိမ်ရှင်လုပ်မယ့် အာဆီယံ သဘာဝပတ်ဝန်းကျင်အစည်းအဝေး ပုံစံပြောင်းကျင်းပ
~~~
စစ်တပ်ခန့်အစိုးရက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ စီစဉ်ထားတဲ့ ၃၇ ကြိမ်မြောက် အာဆီယံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိများ အစည်းအဝေး (37th ASOEN) နဲ့ ဆက်စပ်အစည်းအဝေးတွေကို အရပ်ဘက်အဖွဲ့အစည်း ၁၂၃ ဖွဲ့ ကန့်ကွက်ပြီးနောက် အွန်လိုင်းပုံစံနဲ့ ပြောင်းလဲကျင်းပခဲ့တယ်လို့ Defend Myanmar Democracy အဖွဲ့က စက်တင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဒီအပြောင်းအလဲဟာ အရပ်ဘက်အဖွဲ့တွေရဲ့ တောင်းဆိုမှုနောက်ပိုင်း ဖြစ်ပေါ်လာတာဖြစ်တယ်လို့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီကိုယ်စားပြုခွင့်ကို နိုင်ငံတကာမှာ ကာကွယ်ရေးလှုပ်ရှားနေတဲ့ Defend Myanmar Democracy (DMD) က ပြောပါတယ်။

ဒါပေမဲ့ အစည်းအဝေးပုံစံပြောင်းတာဟာ အရပ်ဘက်အဖွဲ့တွေရဲ့ ကန့်ကွက်မှုကြောင့်ဖြစ်တယ်လို့ အာဆီယံက တရားဝင် ရှင်းလင်းထားတာတော့ မရှိသေးပါဘူး။

Defend Myanmar Democracy ဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီကိုယ်စားပြုခွင့်ကို နိုင်ငံတကာမှာ ကာကွယ်ရေး လှုပ်ရှားနေတဲ့ အရပ်ဘက်အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

အာဆီယံရဲ့ မူလအချိန်ဇယားတွေအရ 37th ASOEN နဲ့ ရာသီဥတု၊ ဇီဝမျိုးစုံမျိုးကွဲ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆက်စပ်အစည်းအဝေးတွေကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဩဂုတ် ၄ ရက်ကနေ ၇ ရက်အထိ လက်ခံကျင်းပမယ်လို့ ဖော်ပြထားတာပါ။

ဒီအစီအစဉ်ကို ကန့်ကွက်တဲ့ မြန်မာအရပ်ဘက်နဲ့ လူ့အခွင့်အရေးအဖွဲ့ ၁၂၃ ဖွဲ့က အာဆီယံနဲ့ ASOEN ဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကို ဇူလိုင် ၁၈ ရက်မှာ အိတ်ဖွင့်ပေးစာ ပေးပို့ပြီး တောင်းဆိုခဲ့ပါတယ်။

အဲဒီအဖွဲ့တွေက ဆက်စပ်အစည်းအဝေး ခုနစ်ခုကို ဖိလစ်ပိုင်နိုင်ငံဆီ ပြောင်းရွှေ့ကျင်းပဖို့ ဒါမှမဟုတ် ဖိလစ်ပိုင်က အိမ်ရှင်အဖြစ် တာဝန်ယူပြီး အွန်လိုင်းကနေ ကျင်းပဖို့ တောင်းဆိုခဲ့တာပါ။

အဲဒီနောက်မှာတော့ ၃၇ ကြိမ်မြောက် ASOEN နဲ့ ဆက်စပ်အစည်းအဝေးတွေ ကျင်းပမဲ့နေရာကို “မြန်မာနိုင်ငံ” ကနေ “မြန်မာနိုင်ငံနှင့် အွန်လိုင်း” လို့ ပြောင်းလဲပြီး ဩဂုတ် ၁၀ ရက်ကနေ ၁၃ ရက်အထိ အွန်လိုင်းစနစ်နဲ့ ကျင်းပခဲ့တယ်လို့ Defend Myanmar Democracy က ဆိုပါတယ်။

စစ်တပ်ခန့် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနဲ့ တာဝန်ရှိသူတွေက နေပြည်တော် Park Royal ဟိုတယ်မှာ တက်ရောက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်စပ်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေကတော့ အွန်လိုင်းက ပါဝင်ခဲ့ကြတယ်လို့ စစ်တပ်ခန့်အစိုးရရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီအပြောင်းအလဲဟာ အရပ်ဘက်အဖွဲ့တွေရဲ့ တောင်းဆိုချက်အားလုံးကို ပြည့်မီတာ မဟုတ်ပေမဲ့ အရေးပါတဲ့ ပြောင်းလဲမှုတစ်ရပ်ဖြစ်တယ်လို့ Defend Myanmar Democracy အဖွဲ့ဝင် ကိုမိုက်က ပြောပါတယ်။

“အာဆီယံအနေနဲ့ စစ်တပ်ခန့်အစိုးရနဲ့ သူ့လက်အောက်ခံ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကို အနာဂတ် ASOEN အစည်းအဝေးတွေနဲ့ လုပ်ငန်းစဉ်အားလုံးကနေ ဖယ်ထုတ်သင့်ပါတယ်။
သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုဆိုင်ရာ ပလက်ဖောင်းတွေကို အသုံးပြုပြီး နိုင်ငံတကာအသိအမှတ်ပြုမှု ရယူတာမျိုးကိုလည်း ခွင့်မပြုသင့်ပါဘူး”

စစ်တပ်ခန့် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဆန်းဦးဟာ စစ်တပ်ရဲ့ စစ်ရေးချုပ်တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ (MEHL) ရဲ့ အုပ်ချုပ်မှုအဆင့် တာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့ဖူးကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာပိတ်ဆို့အရေးယူရေး မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

MONREC လက်အောက်မှာ ကျောက်မျက်၊ ပုလဲ၊ သတ္တုနဲ့ သစ်လုပ်ငန်းဆိုင်ရာ နိုင်ငံပိုင်လုပ်ငန်းတွေ ရှိပြီး အဲဒီထဲကလုပ်ငန်းအချို့ဟာ စစ်တပ်အတွက် ဝင်ငွေရရှိစေတဲ့ လမ်းကြောင်းတွေဖြစ်တာကြောင့် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ပိတ်ဆို့အရေးယူထားပါတယ်။

အရပ်ဘက်အဖွဲ့တွေရဲ့ တောင်းဆိုချက်တွေထဲမှာ အနာဂတ် ASOEN အစည်းအဝေးတွေနဲ့ လုပ်ငန်းစဉ်တွေမှာ စစ်တပ်ခန့်အစိုးရကို ပါဝင်ခွင့်မပေးဖို့နဲ့ သူ့လက်အောက်ခံ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (MONREC) ကို ရန်ပုံငွေ၊ နည်းပညာနဲ့ တခြားအကူအညီတွေ မရောက်ရှိစေဖို့လည်း တောင်းဆိုထားပါတယ်။

ဒီအစည်းအဝေးမှာ အာဆီယံနိုင်ငံတွေက နောက်ဆယ်နှစ်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မဟာဗျူဟာစီမံကိန်းနဲ့ ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာညီလာခံကို တင်သွင်းမယ့် ပူးတွဲကြေညာချက်တွေ အပါအဝင် အရေးကြီးစာတမ်းတချို့ကို အတည်ပြုခဲ့တယ်လို့ ထိုင်းနိုင်ငံ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်ကျင်းပခဲ့တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲမှာ အာဆီယံကိုယ်စားလှယ်တွေအတွက် ကာဗွန်ဈေးနှုန်းနဲ့ ကာဗွန်ဈေးကွက်ဆိုင်ရာ လေ့လာရေးခရီးစဉ်တစ်ခုကို ဘရပ်ဆဲလ်မြို့မှာ လက်ခံကျင်းပဖို့ ဥရောပသမဂ္ဂက ကမ်းလှမ်းထားပါတယ်။

ဒီအစီအစဉ်ကနေတစ်ဆင့် စစ်တပ်ခန့်အစိုးရကိုယ်စားလှယ်တွေ ဥရောပသမဂ္ဂရဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်တွေမှာ ပါဝင်လာနိုင်တဲ့အပေါ် စိုးရိမ်တယ်လို့ Defend Myanmar Democracy က ပြောပါတယ်။

Defend Myanmar Democracy (DMD)၊ Milk Tea Alliance Thailand၊ Progressive Voice၊ Blood Money Campaign၊ Justice For Myanmar၊ Karen Human Rights Group၊ Women’s League of Burma အပါအဝင် သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း ၁၂၃ ဖွဲ့က ကန့်ကွက်တောင်းဆိုတဲ့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တာပါ။
---
ဓာတ်ပုံ - ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့က ကျင်းပသည့် ၃၇ ကြိမ်မြောက် အာဆီယံအဆင့်မြင့် သဘာဝပတ်ဝန်းကျင်အရာရှိများ အစည်းအဝေး (ASOEN) ဖွင့်ပွဲတွင် စစ်တပ်ခန့် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဆန်းဦးကို တွေ့ရစဉ်။ (MOI)

ရှစ်လကျော်အတွင်း အသက် ၁၈ နှစ်အောက် ကလေး တစ်ရာကျော် သေဆုံး~~~၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ စက်တင်ဘာလ ၉ ရက်နေ့အထိ ရှစ်လကျ...
09/11/2026

ရှစ်လကျော်အတွင်း အသက် ၁၈ နှစ်အောက် ကလေး တစ်ရာကျော် သေဆုံး
~~~
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ စက်တင်ဘာလ ၉ ရက်နေ့အထိ ရှစ်လကျော်အတွင်း အာဏာသိမ်းစစ်တပ်ကြောင့် အသက် ၁၈ နှစ်အောက် ကလေး ၁၂၁ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က စက်တင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲမှာ မိန်းကလေး ၅၄ ဦးနဲ့ ယောက်ျားလေး ၆၇ ဦး ပါဝင်ပြီး အငယ်ဆုံးက အသက် နှစ်လအရွယ် ယောက်ျားလေးတစ်ဦး ဖြစ်တယ်လို့ AAPP က ဆိုပါတယ်။

ဒေသအလိုက်ကြည့်ရင် ပဲခူးတိုင်းမှာ ၂၉ ဦးနဲ့ အများဆုံးသေဆုံးခဲ့ပြီး ချင်းပြည်နယ်မှာ ၂၄ ဦးနဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။

သေဆုံးသူ ၁၂၁ ဦးထဲက ၈၇ ဦးဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာဖြစ်ပြီး ၁၇ ဦးကတော့ စစ်တပ်ရဲ့ ဖမ်းဆီးမှုခံရပြီးနောက် သတ်ဖြတ်ခံခဲ့ရတာလို့ AAPP က ဖော်ပြပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲမတိုင်ခင်နဲ့ နောက်ပိုင်းကာလတွေမှာလည်း အရပ်သားတွေ ရင်ဆိုင်နေရတဲ့ အန္တရာယ်ဟာ လျော့ကျမသွားဘဲ ပိုဆိုးလာနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်တပ်ပြောတဲ့ ရက်တစ်ရာမတိုင်ခင်ဖြစ်ဖြစ်၊ ရက်တစ်ရာအတွင်းဖြစ်ဖြစ်၊ ရက်တစ်ရာအပြီးဖြစ်ဖြစ် ပြည်သူတွေအတွက် ဘာထူးခြားသွားလို့လဲ။ စစ်ဘေး၊ ရေဘေးနဲ့ လေကြောင်းဗုံးကြဲတဲ့ဘေးတွေက ပိုတောင်ဆိုးလာသေးတယ်လေ”

စက်တင်ဘာလ ၅ ရက်နေ့မှာလည်း မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မုတ္တောကြီးရွာကို စစ်တပ်က ဝင်ရောက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၃ နှစ်အရွယ် မောင်ဝိုင်းလမင်းအောင်နဲ့ မဝေဝေဌေးတို့ သေဆုံးခဲ့တယ်လို့ AAPP က ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တယ်လို့ သတင်းရရှိထားပေမယ့် အမည်နဲ့ အချက်အလက်တွေ အတည်ပြုဖို့ လိုနေသေးတဲ့ ကလေး အယောက် ၇၀ ရဲ့ စာရင်းကိုလည်း AAPP က သီးခြားကောက်ယူစိစစ်နေပါတယ်။

တစ်ဖက်မှာလည်း AAPP ရဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ စက်တင်ဘာလ ၁၀ ရက်နေ့အထိ စစ်တပ်ကြောင့် အသက် ၆၅ နှစ်နဲ့အထက် သက်ကြီးရွယ်အို ၈၂ ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသမီး ၅၀ နဲ့ အမျိုးသား ၃၂ ဦး ပါဝင်ပါတယ်။ ဒေသအလိုက် စစ်ကိုင်းတိုင်းမှာ ၂၂ ဦးနဲ့ အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ၁၇ ဦးနဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။

သက်ကြီးရွယ်အို သေဆုံးသူတွေထဲမှာ အမျိုးသမီး ၅၀ နဲ့ အမျိုးသား ၃၂ ဦး ပါဝင်ပါတယ်။ စစ်ကိုင်းတိုင်းမှာ ၂၂ ဦးနဲ့ အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ၁၇ ဦးနဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။

အဲဒီသေဆုံးသူ ၈၂ ဦးထဲက ၅၇ ဦးဟာ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး ၁၇ ဦးကတော့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့တာလို့ AAPP က ဆိုပါတယ်။

ဩဂုတ်လ ၁၁ ရက်နေ့ကလည်း မကွေးတိုင်း စလင်းမြို့နယ်၊ ရွာသစ်ကလေးရွာအပါအဝင် ကျေးရွာတချို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ရွာသစ်ကလေးရွာက သက်ကြီးအမျိုးသား ဦးဖိုးအေး ဗုံးစထိမှန်ပြီး သေဆုံးခဲ့တယ်လို့ AAPP က ဖော်ပြပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့အထိ စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံအဖွဲ့တွေရဲ့ လက်ချက်ကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း ၈,၃၆၇ ဦး သေဆုံးခဲ့ပြီး ၃၁,၉၀၇ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

AAPP ကတော့ ဒီစာရင်းတွေဟာ လက်လှမ်းမီသလောက် ကောက်ယူအတည်ပြုထားတဲ့ စာရင်းတွေဖြစ်တာကြောင့် မြေပြင်မှာ သေဆုံးသူနဲ့ ဖမ်းဆီးခံရသူ အရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။

ဒီစာရင်းတွေကို RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်တပ်ခန့်အစိုးရဘက်ကလည်း တုံ့ပြန်ထားတာ မတွေ့ရသေးပါဘူး။
---
ဓာတ်ပုံ - ၂၀၂၆ ခုနှစ် ဇွန်လ ၁၇ ရက်နေ့က ပခုက္ကူမြို့အနီးရှိ ဘုန်းကြီးကျောင်းဝင်းတစ်ခုအတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာလာပြီး ယာယီခိုလှုံနေကြသည့် မြစ်ခြေဒေသခံများကို တွေ့ရစဉ်။ (AFP)

09/11/2026

တရုတ်စက်ရုံအလုပ်သမားအခွင့်အရေးနဲ့ စက်တင်ဘာ ၁၁ ရက် RFA အထူးအစီအစဥ်
-
RFA ရေဒီယိုနဲ့ရုပ်သံ အထူးအစီအစဉ် ၂ဝ၂၆ စက်တင်ဘာ ၁၁ ရက်၊ သောကြာနေ့

ရန်ကုန် ရွှေပြည်သာ စက်မှုဇုန် Costec International အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံတာတွေကို တိုင်ကြားထားတာ ရှစ်လကျော်ရှိလာပေမယ့် ဖြေရှင်းမှုမရှိသေးတဲ့အကြောင်း သတင်းပေးပို့ချက်နဲ့ ထူးခြားတဲ့သတင်းတွေကို တင်ပြထားပါတယ်။

RFA ရေဒီယိုနဲ့ရုပ်သံ အထူး အစီအစဉ်ကို RFA Burmese YouTube နဲ့ Facebook စာမျက်နှာတွေက တဆင့် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မနက်ခင်းမှာ အသစ် လွှင့်တင်ထားမှာဖြစ်ပြီး ညစဥ် ညနေ ၇ နာရီကနေ ၇ နာရီ ၃၀ မိနစ်အထိ ရေဒီယို လှိုင်းတို မီတာ ၁၉၊ ကီလိုဟတ်စ် ၁၅၂၄၅ ကနေ ထုတ်လွှင့်နေပါတယ်။ ။

သဲကုန်းမှာ စစ်တပ်စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ၅ ထောင်ခန့် ထွက်ပြေးနေရ~~~ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်မှာ စစ...
09/10/2026

သဲကုန်းမှာ စစ်တပ်စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ၅ ထောင်ခန့် ထွက်ပြေးနေရ
~~~
ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ခဲ့တာကြောင့် ရွာ ခြောက်ရွာက ဒေသခံ ၅ ထောင်ခန့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက စက်တင်ဘာလ ၁၀ ရက်နေ့မှာ RFA ကို ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာတွေထဲမှာ ဆည်ကြီးကျိုး၊ ရုံးပင်တက်၊ ဘိုကုန်း၊ ပန်းပင်ကုန်းနဲ့ အောင်စည်သာ စတဲ့ ကျေးရွာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီကျေးရွာတွေဟာ သဲကုန်းမြို့နဲ့ လေးမိုင်ဝန်းကျင်လောက်ပဲ ဝေးပြီး အိမ်ခြေနဲ့ လူဦးရေများတဲ့ ရွာကြီးတွေ ဖြစ်တယ်လို့ သဲကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မြေပြင်တာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကြောင်းထိုးတော့ ရွာတွေလည်းပဲ မီးရှို့တယ်ပေါ့။ လူတော်တော်များများ ပြေးနေရတယ်။ ဆည်ကြီးကျိုးရွာက နေအိမ် ၂ လုံး ၊ ရုံးပင်တက်ကျေးရွာက နေအိမ် ၁၁ လုံးလည်း မီးရှို့ခံရတယ်ဗျ။”

ဒေသခံတွေ အခုလို ထွက်ပြေးတိမ်းရှောင်နေရတာ လေးရက်ခန့်ရှိလာပြီဖြစ်ပြီး မိုးလည်း ဆက်တိုက်ရွာနေတာကြောင့် စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့ကစပြီး အင်းမအခြေစိုက် တပ်မ ၆၆၊ ရဲကွန်မန်ဒိုနဲ့ နယ်မြေခံပြည်သူ့စစ်တွေ ပူးပေါင်းထားတဲ့ အင်အား ၁၀၀ ခန့်က ဒီဒေသကို စစ်ကြောင်းထိုးနေတာလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ဆိုပါတယ်။

သဲကုန်းမြို့အနီးတစ်ဝိုက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိလာတာကြောင့် စစ်တပ်ဘက်ကလည်း နယ်မြေစိုးမိုးနိုင်ဖို့ PDF စခန်းတချို့အနီးအထိ စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာတော့ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ကလည်း သဲကုန်းမြို့နယ်၊ ဆရာအတတ်သင် (၁) လမ်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်ဂိတ်တစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ငါးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF-3601 တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
---
ဓာတ်ပုံ - သဲကုန်းမြို့နယ်၊ ရုံးပင်တက်ရွာ မီးလောင်နေသည်ကို တွေ့ရစဉ်။ (Citizen Photo)

မြိုင်နဲ့ပေါက် ရေနံမှော်ဒေသက လူပေါင်း ၈ ထောင်ခန့် ထွက်ပြေးနေရ ~~~မကွေးတိုင်း မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က ရေနံမှော်ဒေသမှ...
09/10/2026

မြိုင်နဲ့ပေါက် ရေနံမှော်ဒေသက လူပေါင်း ၈ ထောင်ခန့် ထွက်ပြေးနေရ
~~~
မကွေးတိုင်း မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က ရေနံမှော်ဒေသမှာ စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် စက်တင်ဘာ ၁၀ ရက်နေ့အထိ အနည်းဆုံး ကျေးရွာ ၇ ရွာက ဒေသခံ ၈ ထောင်လောက် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်တပ်စစ်ကြောင်းဟာ တဲကြီးရွာကို မီးရှို့ခဲ့သလို ရေနံတွင်းတချို့လည်း ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကို ကူညီကယ်ဆယ်ပေးနေသူတစ်ဦးက ပြောပါတယ်။

“အခု ရှောင်နေရတာက အကုန်လုံးဆိုရင် ရွာပေါင်း ၇ ရွာလောက်ရှိတယ်။ အခု ကျွန်တော်တောင် ရိက္ခာသွားဝေပြီး ပြန်လာတာဗျ။ ရေနံမှော်ထဲက ၄ တွင်းလောက် မီးရှို့ခံရတယ်။ ကျောက်ခွက်ရေနံမြေ ဝဲလ်တူးနဲ့ ဝဲလ်ဝမ်းအနီးက ပြည်သူပိုင် ရေနံကျင်းတချို့ ဖျက်ဆီးခံလိုက်ရတယ်။”

တိမ်းရှောင်နေရတဲ့ရွာတွေထဲမှာ မြိုင်မြို့နယ်က တဲကြီးရွာ၊ ကျောက်ခွက်ရွာနဲ့ ပေါက်မြို့နယ်က နသတ်ရွာ၊ ဆုံကုန်းရွာတို့လည်း ပါဝင်ပါတယ်။

လက်ရှိမှာ စစ်တပ်စစ်ကြောင်းဟာ တဲကြီးရွာမှာ တပ်စွဲထားပြီး ရွာကို အကြိမ်ကြိမ် မီးရှို့နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒါပေမဲ့ လုံခြုံရေးအခြေအနေကြောင့် ပျက်စီးဆုံးရှုံးမှု အတိအကျကိုတော့ မသိရသေးပါဘူး။

ဒီစစ်ကြောင်းဟာ ပခုက္ကူမြို့အခြေစိုက် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်က ထွက်လာတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဒေသခံနဲ့ ကူညီကယ်ဆယ်နေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကတည်းက မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က ရေနံမှော်ဒေသတွေဘက်ကို စစ်ကြောင်းထိုးနေတာကြောင့် အရင်ကလည်း ဒေသခံ နှစ်သောင်းလောက် အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ဆိုပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့် အစိုးရဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
---
ဓာတ်ပုံ - ဇွန်လနှင့် ဇူလိုင်လအတွင်း မကွေးတိုင်းထဲသို့ စစ်တပ်စစ်ကြောင်းဝင်ရောက်မှုကြောင့် ထွက်ပြေးနေရသည့် ဒေသခံများအား တွေ့ရစဉ်။ (အညာမြေတပ်ပေါင်းစု၊ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်)

09/10/2026

တရုတ်နိုင်ငံသားပိုင် Costec စက်ရုံ အလုပ်သမားတွေနစ်နာမှု ဖြေရှင်းချက်မရသေး
~~~
ရန်ကုန်တိုင်း ရွှေပြည်သာ စက်မှုဇုန် (၃) မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် Costec International အထည်ချုပ်စက်ရုံမှာ လုပ်ခလစာ ဖြတ်တောက်ခံရတာ၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ ဖိအားပေးခံရတာနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာ စတဲ့ ကိစ္စတွေကို အလုပ်သမားဌာနအဆင့်ဆင့်ကို အကြိမ်ကြိမ် တိုင်ကြားထားပေမဲ့ မပြေလည်သေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီကနေ ဩဂုတ်လကုန်အထိ ဖြစ်ပေါ်ခဲ့တဲ့ နစ်နာမှုစာရင်းအရ အလုပ်သမား ၇၈၂ ဦး ထိခိုက်နစ်နာခဲ့ပြီး ငွေကြေးနစ်နာမှု ကျပ်သိန်း ၃၈၀ နီးပါး(ကျပ် ၃၇,၇၇၀,၆၀၀) ရှိတယ်လို့ အဲဒီစက်ရုံက အခြေခံအလုပ်သမားအဖွဲ့အစည်း ဘဏ္ဍာရေးမှူး မနှင်းအိခိုင်က ပြောပါတယ်။

“အလုပ်သမား ၇၈၂ ဦး နစ်နာခဲ့ပါတယ်။ နစ်နာဆုံးရှုံးတဲ့ ငွေကြေးပမာဏကို တိတိကျကျ တွက်ထားတာကတော့ ကျပ် ၃၇,၇၇၀,၆၀၀ ရှိပါတယ်ရှင့်”

အဲဒီစက်ရုံမှာ အလုပ်သမား ၁,၀၀၀ ဝန်းကျင်ရှိပြီး ကုန်ဈေးနှုန်းမြင့်တက်လာတာနဲ့ လုပ်ခလစာ မလုံလောက်တော့တာကြောင့် အလုပ်သမားတွေက ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်ကစပြီး လုပ်ခလစာကို မူလနှုန်းအတိုင်း ပြန်ပေးရေးနဲ့ လုပ်ခ၊ အချိန်ပိုကြေး၊ ရက်မှန်ကြေးတွေ တိုးပေးရေး စုပေါင်းတောင်းဆိုခဲ့ကြတာပါ။ ညှိနှိုင်းမှုတွေအပြီး တစ်ရက်လုပ်ခကို ၇,၈ဝဝ ကျပ် ကနေ ၈,၃၀၀ အထိ တိုးပေးတာအပါအဝင် တချို့အချက်တွေမှာ သဘောတူညီမှုရခဲ့ပြီး အလုပ်သမားတွေ ဇန်နဝါရီ ၁၀ ရက်မှာ လုပ်ငန်းခွင် ပြန်ဝင်ခဲ့ကြပါတယ်။

စုပေါင်းတောင်းဆိုခဲ့တဲ့ ရက်တွေအတွက် လုပ်ခလစာ မဖြတ်တောက်ဖို့ အလုပ်သမားဌာန တာဝန်ရှိသူတွေက ညွှန်ကြားထားပေမယ့် အလုပ်ရှင်ဘက်က လုပ်ခလစာနဲ့ ရက်မှန်ကြေးတွေ ဖြတ်တောက်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒါ့အပြင် အဲဒီတောင်းဆိုမှုတွေမှာပါဝင်ခဲ့တဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို ဖိအားပေးတာနဲ့ နှစ်ဖက်သဘောတူစာချုပ် ဖောက်ဖျက်တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

အဲဒီလိုချိုးဖောက်ခံရတာတွေကို မြို့နယ်၊ ခရိုင်နဲ့ တိုင်းအဆင့်အထိ အကြိမ်ကြိမ်တိုင်ကြားခဲ့ပေမယ့် ထိရောက်တဲ့ ဖြေရှင်းမှု မရသေးဘူးလို့ အခြေခံအလုပ်သမားအဖွဲ့အစည်း ဥက္ကဋ္ဌ ကိုကျော်ကျော်လတ်က ပြောပါတယ်။

“ကျွန်တော်တို့ အခုလို တိုင်ကြားနေတာကလည်း အခကြေးငွေပေးချေရေးဆိုင်ရာ ဥပဒေနဲ့ ၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်းဥပဒေတွေအတိုင်း တရားဝင်တိုင်ကြားနေတာပါ။ ကျွန်တော်တို့ တောင်းဆိုနေတာလည်း အများကြီးမဟုတ်ပါဘူး။ ဖြတ်တောက်ခံထားရတဲ့ လုပ်ခလစာတွေ ပြန်ရချင်တယ်။ နောက်ပြီး အလုပ်ရှင်ဘက်ကလည်း အလုပ်သမားဥပဒေတွေကို လေးစားလိုက်နာစေချင်တယ်။ ဒါပဲ ကျွန်တော်တို့ လိုချင်တာပါ။”

အခုလို လုပ်ခလစာနစ်နာတာတွေက လက်ရှိကုန်စျေးနှုန်းတွေမြင့်တက်နေချိန်မှာ အလုပ်သမားတွေရဲ့ စားဝတ်နေရေးကို ပိုခက်ခဲစေတယ်လို့ ပြောကြပါတယ်။

ဒီစက်ရုံမှာ အချိန်ပိုကြေး မပါဘဲ တစ်ရက်လုပ်ခ ၈,၃၀၀ ကျပ် ရရှိပြီး လက်ရှိကုန်ဈေးနှုန်းနဲ့ ယှဉ်ရင် စားဝတ်နေရေးအတွက် မလုံလောက်တော့ဘူးလို့ အခြေခံအလုပ်သမားအဖွဲ့အစည်း အလုပ်အမှုဆောင် မနော်ဖောဖောက ပြောပါတယ်။

“အခု ကြက်ဥတစ်လုံးတောင် ၇၀၀၊ ဆန်တစ်ပြည် တစ်သောင်း၊ ဆီတစ်ပိဿာ ၁၇,၀၀၀ လောက် ဖြစ်နေပြီ။ ဒါတောင် မုန့်ဖိုး၊ ပဲဖိုး၊ လက်ဖက်ရည်ဖိုး၊ အဆောင်ခတွေ မပါသေးဘူးနော်။ ရတဲ့လုပ်အားခနဲ့ နေ့တိုင်းတက်နေတဲ့ ကုန်ဈေးနှုန်းကို ဘယ်လိုမှ ချိန်ပြီး တွက်စားလို့ မရတော့ဘူး။ တစ်ရက်တစ်ရက် ဘာစားရမလဲဆိုတာထက် ဘာကိုလျှော့စားရမလဲဆိုတာပဲ စဉ်းစားနေရတယ်”

ဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး Costec International စက်ရုံဘက်နဲ့ သက်ဆိုင်ရာ မြို့နယ်အလုပ်သမားရုံးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အခုသတင်းထုတ်လွှင့်ချိန်အထိ တုံ့ပြန်ဖြေကြားတာ မရှိခဲ့ပါဘူး။

အလုပ်သမားတွေကတော့ မပြေလည်သေးတဲ့ တိုင်ကြားချက်တွေကို ထိရောက်စွာ ဖြေရှင်းပေးဖို့နဲ့ ဖြတ်တောက်ခံထားရတဲ့ လုပ်ခလစာနဲ့ နစ်နာမှုတွေ ပြန်လည်ရရှိဖို့ ဆက်လက်တောင်းဆိုသွားမယ်လို့ ပြောပါတယ်။
----

တံတားဦးလေတပ်စခန်း FPV အသေခံဒရုန်း ခြောက်စင်းနဲ့ တိုက်ခိုက်ခံရ~~~မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာရှိတဲ့ တံတားဦးလေတပ်စခန်...
09/10/2026

တံတားဦးလေတပ်စခန်း FPV အသေခံဒရုန်း ခြောက်စင်းနဲ့ တိုက်ခိုက်ခံရ
~~~
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာရှိတဲ့ တံတားဦးလေတပ်စခန်းကို စက်တင်ဘာ ၁၀ ရက် ဒီနေ့ မွန်းလွဲပိုင်းမှာ FPV အသေခံဒရုန်း ခြောက်စင်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်ခန့်အစိုးရက သတင်းထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုအတွင်း လေတပ်စခန်းထဲက အဆောက်အအုံနဲ့ စစ်လေယာဉ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပေမဲ့ စစ်တပ်ခန့်အစိုးရဘက်ကတော့ ထိခိုက်ပျက်စီးတာ မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

လေတပ်လုံခြုံရေးတာဝန်ရှိသူတွေက လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ဒရုန်းတွေကို အချိန်မီဟန့်တားနိုင်ခဲ့ပြီး ဒရုန်းတွေမှာပါလာတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို သက်မဲ့ပြုလုပ်နိုင်ခဲ့တယ်လို့လည်း စစ်တပ်ခန့်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ပြည်တွင်းလေကြောင်းခရီးစဉ်တချို့ ယာယီရပ်နားခဲ့ရပြီး တိုက်ခိုက်သူတွေကို စုံစမ်းဖော်ထုတ်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးက တိုက်ခိုက်မှုဖြစ်ပြီးနောက် လေကြောင်းခရီးစဉ် လေးခုထက်မနည်း ဖျက်သိမ်းခဲ့ရသလို လေဆိပ်နဲ့ အနီးဝန်းကျင်မှာ လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

“အိမ်ကညီမက မန္တလေးကနေ ရန်ကုန်သွားမှာ။ ထွက်သွားပြီး နှစ်နာရီလောက်ကြာတော့ ပြန်လာခေါ်ပါအုန်းဆိုလို့ သွားခေါ်လိုက်ရတယ်။ အရင်ကလို လေယာဉ် Dealy ထင်တာ။ လေဆိပ်ဘေးကပ်ရပ်က လေတပ်စခန်းဘက်မှာ ပေါက်ကွဲသံကြားရပြီး လေကြောင်းခရီးစဉ်တွေ cancel ဖြစ်ကြောင်းကြေညာတယ်လို့ ပြောတယ်။ သွားခေါ်တော့လည်း လေဆိပ်လမ်းတစ်လျှောက်လုံး စစ်ဆေးလိုက်တာမှ အကြာကြီးပဲ အိမ်ကို ၇နာရီကျော်မှ ပြန်ရောက်တယ်”

ဖျက်သိမ်းလိုက်တဲ့ ပြည်တွင်းပြည်ပ လေယာဉ်ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး အစားထိုးပြေးဆွဲပေးမဲ့ ရက်အတိအကျကို မသိရသေးသလို လေကြောင်းလိုင်းတွေဘက်ကလည်း ဆက်သွယ်လာတာ မရှိသေးဘူးလို့ သူက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာ လက်ရှိအချိန်အထိ တော်လှန်ရေးအင်အားစုတွေဘက်က ထုတ်ပြန်ကြေညာတာ မတွေ့ရသေးပါဘူး။

တံတားဦးလေတပ်စခန်း ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် စစ်လေယာဉ်တွေနဲ့ လေတပ်စခန်းအနီးတစ်ဝိုက်ကို ကင်းထောက်ပျံသန်းတာတွေ ရှိခဲ့သလို မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်ထဲမှာလည်း လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

နွားထိုးကြီးမြို့နယ်ထဲက လေကြောင်းပစ်ခတ်မှုတွေနဲ့ ထိခိုက်မှုအခြေအနေကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
----
ဓာတ်ပုံ - စက်တင်ဘာ ၁၀ ရက်က တံတားဦးလေတပ်စခန်းကို ဒရုန်းဖြင့် တိုက်ခိုက်မှုကို မှတ်တမ်းတင်ထားသည့် ရုပ်သံမှ ဖမ်းယူထားသည့် မြင်ကွင်း။ (Screenshot from Citizen Video)

အမေရိကန်နဲ့ယူကရိန်း ၆ ဦးအပေါ် အကြမ်းဖက်ဥပဒေနဲ့စွဲချက် အိန္ဒိယပယ်ဖျက်-အိန္ဒိယနိုင်ငံဘက်ကနေ မြန်မာနိုင်ငံဘက်က လက်နက်ကိုင်...
09/09/2026

အမေရိကန်နဲ့ယူကရိန်း ၆ ဦးအပေါ် အကြမ်းဖက်ဥပဒေနဲ့စွဲချက် အိန္ဒိယပယ်ဖျက်
-
အိန္ဒိယနိုင်ငံဘက်ကနေ မြန်မာနိုင်ငံဘက်က လက်နက်ကိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဒရုန်းတပ်ဆင်မောင်းနှင်ပစ်ခတ်နည်းတွေ သင်တန်းပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတဲ့ အမေရိကန် နိုင်ငံသားတစ်ဦးနဲ့ ယူကရိန်းနိုင်ငံသား ၆ ဦးကို စွဲဆိုထားတဲ့အမှုတွေထဲက မတရားသင်းဆက်သွယ်မှုအပါအဝင် ဥပဒေမဲ့လုပ်ရပ်တွေလုပ်ဆောင်ခြင်းကို တားမြစ်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ (UAPA) နဲ့ စွဲဆိုထားတဲ့အမှုကို အကြမ်းဖက်မှုတိုက်ဖျက်ရေးမှာ ဦးဆောင်အဖွဲ့ဖြစ်တဲ့ အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ NIA က စက်တင်ဘာ ၈ ရက်နေ့မှာ ပယ်ဖျက်လိုက်ပါတယ်။

ဒီအမှုဟာ သူတို့အပေါ် စွဲဆိုထားတဲ့ အကြီးလေးဆုံးပုဒ်မဖြစ်ပြီး ခွင့်ပြုချက်မဲ့ ကန့်သတ်နယ်မြေ သွားရောက်တာ အပါအဝင် တခြားလူဝင်မှုကြီးကြပ်ရေး ဥပဒေတွေနဲ့ ဆက်လက် တရားစွဲဆိုထား တယ်လို့ သိရပါတယ်။

အိန္ဒိယအစိုးရ တရားရေးအရာရှိ ရာဟူး တီရာဂီ (Rahul Tyagi)က “လောလောဆယ် ပြစ်ဒဏ်တစ်ပေါင်းထဲ ကျခံနိုင်တဲ့ လဝက ဥပဒေတွေနဲ့ပဲ စွဲချက်တင်ထားပေမယ့် နောက်ရလာမယ့် ဒရုန်းနဲ့ ဒီဂျစ်တယ်မှတ်တမ်းတွေ ကရတဲ့ သက်သေအထောက်အထားတွေရဲ့ အဖြေကိုကြည့်ပြီး ပြန်စဥ်းစားနိုင်တယ်”လို့ဆိုပါတယ်။

ဒီအမှုဟာ လွတ်လပ်ခြင်း၏သားများ - နိုင်ငံတကာအဖွဲ့ (Sons of Liberty International) လို့ တိုက်ရိုက် အဓိပ္ပာယ်ရတဲ့ နိုင်ငံတကာအပျော်တမ်းစစ်သည်အဖွဲ့ ထူထောင်သူ နဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ အမေရိကန်နိုင်ငံသား မက်သူး အေရွန်ဗန်ဒိုက် (Matthew Aaron VanDyke)နဲ့ ယူကရိန်းနိုင်ငံသား ၆ ဦးကို မတ်လက ဖမ်းဆီး စစ်ဆေးရာက ပေါ်ထွက်လာတဲ့ အမှုဖြစ်ပါတယ်။

NIA ရဲ့အဆိုအရ မြန်မာအရပ်ဘက်လေယာဥ်ကို ဒရုန်းနဲ့တိုက်ခိုက်ရာမှာ မစ္စတာ ဗန်ဒိုက်နဲ့ ယူကရိန်းနိုင်ငံသား ၆ ဦး ပါဝင်ပတ်သက်ခဲ့တယ်လို့ ပြီးခဲ့တဲ့အပတ်က တရားရုံးကို တင်ပြလျှောက်ထား ခဲ့ပါတယ်။
တောင်အာရှမှာ အကြီးဆုံး အကျဥ်းထောင်ဖြစ်တဲ့ ဒေလီမြို့က တီဟာထောင်မှာ အချုပ်ကျနေတဲ့ ဗန်ဒိုက်နဲ့ ယူကရိန်းနိုင်ငံသား ကမင်းစကီ ဗစ်တာ (Kaminskyi Viktor) ကို လူတွေ့စစ်ဆေးခွင့်ပေးဖို့ တရားရုံးတော်ကို လျှောက်ထားရာမှာ သြဂုတ်လ ၃၁ ရက်နေ့က တရားရုံးခွင့်ပြုမိန့်နဲ့ စစ်ဆေးခဲ့အပြီး အခုလို စွဲချက်ထွက်ပေါ် လာတာဖြစ်ပါတယ်။

အိန္ဒိယထောက်လှမ်းရေးအဖွဲ့ရဲ့ အဆိုအရ ယူကရိန်းနိုင်ငံသား ၁၄ ဦးအထိ အိန္ဒိယနိုင်ငံကို ကမ္ဘာ့လှည့်ခရီးသွား ဗီဇာနဲ့ ရောက်လာပြီး လေကြောင်းနဲ့ အာသံပြည်နယ် ဂူဝါဟတီမြို့ကို သွားရောက်ခဲ့ကြောင်း၊ အဲဒီကမှ ကန့်သတ်နယ်မြေ ခရီးသွားလာခွင့် အမိန့်နဲ့ ကာကွယ်ရေးဧရိယာခွင့်ပြုမိန့်တွေမပါဘဲ မီဇိုရမ်ပြည်နယ်ကို သွားရောက်ခဲ့ကြကြောင်း၊ အဲဒီကနေမှ မြန်မာနိုင်ငံထဲကို တရားမဝင် ဖြတ်ကျော် ဝင်ရောက်ပြီး ဒရုန်း စစ်ဆင်ရေး နည်းပညာ၊ ဒရုန်းပျံသန်းတာနဲ့ တပ်ဆင်တာ စတာတွေကို သင်တန်းပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီသင်တန်းဟာ မြန်မာစစ်တပ်အစိုးရကို လက်နက်ကိုင်တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်အဖွဲ့တွေကို ပေးခဲ့တာဖြစ်ပြီး ဒီအထောက်အထား သက်သေတွေကို စွပ်စွဲခံနိုင်ငံခြားသားတွေရဲ့ ဖုန်းနဲ့ ကွန်ပျူတာတွေကနေ ဗီဒီယို ဓာတ်ပုံနဲ့ အသံဖိုင်တွေနဲ့ သိရှိခဲ့ရတယ်လို့လည်း တရားရုံးကို တင်ပြခဲ့ပါတယ်။

အခုနှစ် မတ်လက အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ အိန္ဒိယနိုင်ငံဘက်ကနေ မြန်မာနိင်ငံထဲကို ဝင်ရောက်ခဲ့တဲ့ ယူကရိန်းနိုင်ငံသား ခြောက်ဦးနဲ့ အမေရိကန်နိုင်ငံသား တစ်ဦးကို NIA က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

ယူကရိန်းနိုင်ငံသား သုံးဦးကို ဒေလီမြို့၊ အခြား သုံးဦးကို လက္ခနောင်မြို့နဲ့ အမေရိကန်နိုင်ငံသားတစ်ဦးကို ကာလကတ္တား လေဆိပ်မှာ မတ်လ ၁၃ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်မှုကာကွယ်ရေးဥပဒေအရ အမှုဖွင့်ခဲ့ပါတယ်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မတ်လ ၁၇ ရက်နေ့က ထုတ်ပြန်ပြောကြားချက်မှာ ယူကရိန်းနိုင်ငံသား ‌ခြောက်ဦးဟာ အိန္ဒိယမြန်မာနယ်ခြားဒေသရှိ ကန့်သတ်နယ်မြေတွေကို သွားရောက်ပြီး တရားမဝင်လုပ်ငန်းတွေ လုပ်ခဲ့တယ်ဆိုတဲ့ အထောက်အထားကို စွဲချက်မှာ ပြသထားနိုင်ခြင်းမရှိကြောင်း၊ အိန္ဒိယနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီး အိုလက်ဆန်ဒါ ပိုလစ်ချက် (Oleksandr Polishchuk) က အိန္ဒိယနိုင်ငံခြားရေးဌာန အရာရှိကြီးတွေကို တွေ့ဆုံပြီး ယူကရိန်းနိုင်ငံသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ သံရုံးနဲ့တွေ့ဆုံခွင့်ပေးဖို့ မတ်လ ၁၆ ရက်နေ့က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်သံရုံးကတော့ ဒီဖြစ်စဥ်ကို သိရှိကြောင်း၊ ဒါပေမယ့် တစ်ဦးတစ်ယောက်ချင်းရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကန့်သတ်ချက်အရ အမှုကိုထုတ်ပြောလို့မရကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၉ ရက်နေ့က အိန္ဒိယကလာတဲ့ သတင်းတွေအရ နိုင်ငံခြားသားတွေဟာ မီဇိုရမ်ပြည်နယ်ကို ဖြတ်ပြီး မြန်မာဘက်က ချင်းပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီ သွားရောက်ပြီး ဒရုန်းတိုက်ခိုက်ရေး ပညာ သင်ပေးခဲ့တာလို့သိရပါတယ်။

ဒီရေးသားချက်တွေနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဓာတ်ပုံ - ၂၀၂၆ မတ်လ ၁၆ ရက်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီရှိ ပါတီအားလားအိမ်တော်တရားရုံးမှာ ရုံးထုတ်အပြီး ဖမ်းဆီးထားသည့် ယူကရိန်းနှင့်အမေရိကန်နိုင်ငံသား ခုနှစ်ဦးကို တွေ့ရစဥ်။ (ANI)

အာဏာသိမ်းစစ်ခေါင်းဆောင်ကို တရားဝင်မှုမပေးဘဲ ICC ကို ဖမ်းပို့ဖို့ Fortify Rights တောင်းဆို-ကမ္ဘောဒီးယား အစိုးရအနေနဲ့ မြန်...
09/09/2026

အာဏာသိမ်းစစ်ခေါင်းဆောင်ကို တရားဝင်မှုမပေးဘဲ ICC ကို ဖမ်းပို့ဖို့ Fortify Rights တောင်းဆို
-
ကမ္ဘောဒီးယား အစိုးရအနေနဲ့ မြန်မာစစ်တပ်ခန့်အစိုးရခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို နိုင်ငံရေးအရ အသိအမှတ်ပြုတဲ့ တရားဝင်မှုကို မပေးဘဲ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC ရဲ့ ဖမ်းဆီးမိန့်နဲ့ တရားရုံးကို လွှဲပြောင်းပေးဖို့ အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Fortify Rights အဖွဲ့က စက်တင်ဘာ ၉ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

စစ်အာဏာသိမ်းအပြီး ပျက်စီးယုတ်လျော့သွားခဲ့တဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ဖို့နဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြန်ကောင်းမွန်ပြီး တရားဝင်အသိအမှတ်ပြုအဆင့်ပြန်ရောက်လာဖို့ ကြိုးပမ်းမှုအနေနဲ့ ဦးမင်းအောင်လှိုင်ဟာ အာဆီယံဒေသတွင်း လေးနိုင်ငံမြောက်ခရီးစဉ်အဖြစ် စက်တင်ဘာလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်ဖို့ရှိပါတယ်။

ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုစွဲချက်နဲ့ ၂၀၂၄ နိုဝင်ဘာလက ICC တရားရုံးရဲ့ ပဏာမကြားနာမှု အတွက် တရားခံအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ထားပါတယ်။ ဒါ့ကြောင့် ICC စာချုပ်ဝင် နိုင်ငံတစ်နိုင်ငံအနေနဲ့ ကမ္ဘောဒီးယားအနေနဲ့ စစ်ခေါင်းဆောင်ဟောင်းကို ကော်ဇောနီခင်းပြီး နိုင်ငံတော်အခမ်းအနားနဲ့ ကြိုဆိုတာမလုပ်ဘဲ ICC အမိန့် လိုက်နာပြီး ဖမ်းဆီးသင့်တယ်လို့ Fortify Rights အဖွဲ့ပြောခွင့်ရသူ ဝင်းတာဘာရီ (Winter Berry) က ကြေညာချက်မှာ ပြောကြားထားပါတယ်။

ဒီလိုပြောကြားချက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရဲ့တောင်းဆိုချက်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ဦးမင်းအောင်လှိုင်ဟာ ခရီးစဉ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန် (Hun Sen) နဲ့ တွေ့ဆုံမှာဖြစ်သလို ဝန်ကြီးချုပ် ဟွန်မာနက် (Hun Manet)၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ခွန်းဆူဒါရီ (Khuon Sudary) တို့နဲ့လည်း တွေ့ဆုံမယ်လို့ စစ်တပ်ခန့်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မြန်မာနဲ့ ကမ္ဘောဒီးယား ဆက်ဆံရေး ပိုမိုခိုင်မာဖို့၊ နှစ်နိုင်ငံအစိုးရနဲ့ လွှတ်တော်တွေကြား ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ အခြားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ကိစ္စတွေ အဓိကဆွေးနွေးမယ်လို့လည်း ဆိုပါတယ်။

ကမ္ဘောဒီးယားခရီးစဉ်ဟာ ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ၈ ကြိမ်မြောက် နိုင်ငံခြားခရီးစဉ်ဖြစ်ပြီး အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှား၊ ဘယ်လာရုစ်နဲ့ ဗီယက်နမ်နိုင်ငံတွေကို သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအတွင်းမှာတော့ လေးနိုင်ငံမြောက် နိုင်ငံခြားခရီးစဉ်ဖြစ်ပါတယ်။

ဓာတ်ပုံ - ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလက မြန်မာနိုင်ငံခရီးစဥ်အတွင်း ထိုစဥ်က ကမ္ဘောဒီးယားဝန်ကြီးချုပ်ဖြစ်သူ ဟွန်ဆန်နှင့် စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော်၌ တွေ့ဆုံစဥ်။ (AFP)

အရပ်သားပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ကြောင်း ကုလအစီအရင်ခံစာအား နိုင်ငံခြားရေးဝန်ကြီးဌာန ပယ်ချ-ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆ...
09/09/2026

အရပ်သားပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ကြောင်း ကုလအစီအရင်ခံစာအား နိုင်ငံခြားရေးဝန်ကြီးဌာန ပယ်ချ
-
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က သြဂုတ်လက ထုတ်ပြန် ခဲ့တဲ့ နှစ်ပတ်လည်အစီအရင်ခံစာဟာ မြန်မာစစ်တပ်အပေါ် ဆန့်ကျင်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေ က ပြောဆိုစွပ်စွဲချက်တွေကို တစ်ဖက်သတ် စွပ်စွဲရေးသားထားတဲ့ အစီအရင်ခံစာဖြစ်ပြီး ၂၀၁၈ က စတင်ဖွဲ့စည်း ခဲ့တဲ့ IIMM အဖွဲ့ကိုလည်း အသိအမှတ်မပြုကြောင်း မြန်မာစစ်တပ်ခန့် အစိုးရ နိုင်ငံခြားရေးဌာနက စက်တင်ဘာ ၉ ရက်နေ့က ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်ပါတယ်။

စက်တင်ဘာ ၇ ရက်ကနေ ၉ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ၆၃ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံမှာ IIMM အကြီးအကဲ နီကိုလတ်စ် ခွန်ဂျန် (Nicholas Koumjian) တက်ရောက်ပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ အကြောင်း ပြောကြားခဲ့တဲ့အပေါ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အခုလို တုံ့ပြန် ကန့်ကွက်တာဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုကာ တာ့ခ် (Volker Turk) အနေနဲ့ မြန်မာအစိုးရရဲ့ သဘောဆန္ဒမပါဘဲ IIMM ကို ဖွဲ့ဖို့ ဆုံးဖြတ်ခဲ့တာဟာလည်း အချုပ်အခြာအာဏာပိုင် နိုင်ငံ တစ်နိုင်ငံအပေါ် နိုင်ငံရေးအရ ဖိအားပေးဖို့သက်သက်ပဲလို့လည်း စွပ်စွဲထားပါတယ်။

၂၀၂၆ ခုနှစ်အတွက် IIMM နှစ်ပတ်လည် အစီအရင်ခံစာဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လကနေ ၂၀၂၆ ခုနှစ် ဇွန်လအထိ စုံစမ်းစစ်ဆေးထားတာတွေကို အခြေခံထားပြီး မြန်မာစစ်တပ်က အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ တိုက်ခိုက်တာ၊ ဖမ်းဆီးချုပ်နှောင်တာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်နေကြောင်း တွေ့ရှိထားတယ်လို့ ဖော်ပြထားပါတယ်။

အထူးသဖြင့် စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲ မတိုင်ခင်မှာ တိုက်ခိုက်မှုတွေ တိုးမြင့်လာတာဖြစ်ပြီး ဒီနေ့အထိလည်း လျော့ကျမသွားသေးဘူးလို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေမှာ ပါရာမော်တာနဲ့ ဒရုန်းတွေကို ပိုသုံးလာတာကြောင့်လည်း အရပ်သားတွေ ကြိုတင်သတိပြုဖို့ ခက်ခဲလာပြီး ထွက်ပြေးဖို့နဲ့ ပုန်းခိုဖို့အတွက် အခွင့်အလမ်း ပိုနည်းလာတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်ထိန်းချုပ်ထားတဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ တရားမဝင် ဖမ်းဆီးချုပ်နှောင်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာနဲ့ ဖမ်းဆီးခံထားရချိန် သေဆုံးတာတွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကိုလည်း စုဆောင်းထားတယ်လို့ IIMM က ဖော်ပြပါတယ်။

စစ်တပ်ရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ သက်သေ ၇၅၀ ကျော်ရဲ့ ထွက်ဆိုမှုတွေအပါအဝင် ရင်းမြစ်ပေါင်း ၁၆၀၀ ကျော်ကရရှိခဲ့တဲ့ ဓာတ်ပုံ၊ ဗီဒီယို၊ အသံဖိုင်၊ စာရွက်စာတမ်း၊ မြေပုံ၊ ဂြိုလ်တုပုံရိပ်နဲ့ ဆိုရှယ်မီဒီယာနဲ့ မှုခင်းဆေးပညာ အထောက်အထားတွေကို အခြေခံထားတာလို့ IIMM က ဆိုပါတယ်။

ဂျီနီဗာ လူ့အခွင့်အရေးညီလာခံမှာ ဆိုးဝါးလာတဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်ဖို့ နိုင်ငံတကာက နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြ ပေမယ့် မအောင်မြင်ခဲ့ဘဲ ဆိုးသထက်ဆိုးလာနေပြီး ဒီအခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC ကို ပို့ဆောင်အရေးယူကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ - ၂၀၂၄ အောက်တိုဘာ ၄ ရက်နေ့က သတင်းထောက်များနှင့်တွေ့ဆုံသတင်းစာရှင်းလင်းနေသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့ခေါင်းဆောင် နီကိုလတ်စ် ခွန်ဂျန် (Nicholas Koumjian) အားတွေ့ရစဥ်။ (UN)

Address

2025 M Street NW
Washington D.C., DC
20036

Alerts

Be the first to know and let us send you an email when RFA Burmese posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to RFA Burmese:

Shortcuts

Share