12/11/2025
မြောက်ဦးဆေးရုံကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲ၊ ပြည်သူ ၃၀ ကျော်သေဆုံး၊ ၇၀ ကျော် ဒဏ်ရာရ
VOC/ December 11, 2025
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ပြည်သူ့ဆေးရုံးကို အကြမ်းဖက်စစ်တပ်က မနေ့ည ၉ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးနဲ့အမျိုးသမီးတွေအပါအဝင် ပြည်သူ ၃၀ ကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မနေ့ ဒီဇင်ဘာလ ၁၀ ရက်ည ၉ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ မြောက်ဦးမြို့ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲခဲ့တာဖြစ်ပြီး ဆေးကုသမှုခံယူနေတဲ့ လူနာတွေအပါအဝင် ပြည်သူ ၃၃ ရောက်သေဆုံးကာ ၇၆ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ရခိုင်သတင်းဌာန Narinjara ကဖော်ပြပါတယ်။
သေဆုံးသူတွေအထဲမှာ ကျား ၁၇ ဦး နဲ့ မ ၁၆ ဦးပါဝင်ပြီး ပြင်းထန်ဒဏ်ရာရရှိသူ ၂၇ ယောက် နဲ့ ဒဏ်ရာအနည်းငယ် ရရှိသူ ၄၉ ယောက်ရှိတယ်လို့ သိရပါတယ်။
သေဆုံးသူတွေထဲမှာ ကလေးငယ်၊ ကိုယ်ဝန်ဆောင် နဲ့ အမျိုးသမီးများတွေ အများစုပါဝင်တယ်လို့ သိရပြီး၊ ဆေးရုံ ပင်မဆောင်ကြီး၊ ခွဲစိပ်ဆောင်၊ အရိုးဆောင်၊အဓိက ခွဲစိပ်ခန်းမ အပါအဝင် ဆေးရုံးဝင်းအတွင်းရှိ ဝန်ထမ်း အိမ်ယာ၊ ဆေးရုံအနီးရှိ လူနေအိမ်အဆောက်အအုံတချို့ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။